ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်မမှူးကို ရွေထည်နဲ့ ကျပ်ငွေသိန်းရှစ်ရာလောက်နဲ့အတူ AA အသေဖမ်းမိ

Photo – AA Info Desk

ဒီဇင်ဘာ၊ ၁၉

မောင်တော၊ နခခ (၅)တပ်စခန်းက ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဒီဇင်ဘာလ (၁၈) ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၈) ရက်က မောင်တောမြို့ နယ်မှာတခုတည်းကျန်ရှိနေတဲ့ နခခ (၅)လို့ခေါ်တဲ့ အမှတ်၅ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ စခန်းကို AAကအပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

ဒါပေမယ့် လက်နက်ချအညံ့မခံဘဲ ကစဉ့်ကလျား ထွက်ပြေးနေကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့အပေါင်းအပါ ရိုဟင်ဂျာလက်နက်ကိုင်(အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်လို့ဖော်ပြ)တပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းခဲ့ရာ ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့အဖွဲ့ကို ဒီဇင်ဘာလ (၈) ရက်က မောင်တော၊ ရွှေတောင်ကျေးရွာ အနောက်ဘက်မှာအရှင် လက်ရဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ဒါ့အပြင်နခခ-၅စခန်းက လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေတဲ့ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကိုလည်း အခေါက်ရွှေတုံးအချို့၊ ရွှေထည်အချို့အပါအဝင် ငွေသားသိန်း (၈၀၀) လောက်နဲ့အတူ ဒီဇင်ဘာလ (၁၇) ရက်မှာမောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းနား ပုစွန်ကန် တဲအတွင်း အသေဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

တပ်မမှူးက စစ်ကောင်စီတပ်နဲ့ခေတ်အဆက်ဆက် ပူးပေါင်းလာခဲ့ကြတဲ့ ရိုဟင်ဂျာ တွေ(ဒေသခံမူဆလင်များဟုဖော်ပြ) အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့ပေမယ့် AA လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ကမ်းခြေစောင့်တပ်တွေအချိန်ပြည့် ဝိုင်းရံပိတ်ဆို့ ရှာဖွေမှုအောက်မှာ လွတ်မြောက်ရန် အခွင့်အရေးမရခဲ့ဘဲ မိုင်းနင်းပြီးနောက် သွေးထွက်လွန်ကာ သေဆုံးခဲ့ရတာလို့ AAကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။