တရုတ်ဆည် ဖောက်ချလို့ ထိုင်းမှာ ရေကြီးတယ်ဆိုတာကို တရုတ် ငြင်းဆို

ဩဂုတ်၊ ၂၉

ထိုင်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရေကြီးမှုတွေဟာ မဲခေါင်မြစ် အထက်ပိုင်းမှာရှိတဲ့ တရုတ်ဆည်တခုက ရေတွေ ဖောက်လွှတ်လိုက်တာကြောင့်ဆိုတဲ့ စွပ်စွဲချက်တွေကို တရုတ်က ငြင်းဆိုခဲ့ပါတယ်။ 

ထိုင်းမှာ မုတ်သုံမိုး သည်းသည်းထန်ထန် ရွာသွန်းမှုတွေနဲ့အတူ ဒေသ တော်တော်များများမှာ ဆိုးဆိုးရွားရွား ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၉ ဦးထက်မနည်း သေဆုံးခဲ့သလို အိမ်ခြေ ၅၁၇၀၀ လောက် ထိခိုက်မှု၊ ပျက်စီးမှုတွေ ကြုံခဲ့ပါတယ်။ ဒါ့အပြင် ဖူးခက်မှာလည်း မိုးသည်းထန်မှုတွေနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။

ရေကြီးတဲ့ ဧရိယာ အများစုဟာ မဲခေါင်မြစ်နဲ့ ဆက်စပ်နေတဲ့ ဒေသတွေ ဖြစ်နေတာကြောင့် မြစ်ကမ်းဘေး နေထိုင်သူတွေကို ရေကြီးမှု အန္တရာယ် သတိပေး ကြေညာချက်တွေလည်း ထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်း တရုတ်ဟာ ယူနန်ပြည်နယ်ထဲက မဲခေါင်မြစ်မှာ တည်ဆောက်ထားရာ ဂျင်ဟောင် ရေအားလျှပ်စစ် စီမံကိန်းရဲ့ ဆည်ကြီးမှာ ရေတွေပြည့်လာလို့ ဖောက်လွှတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး ဘန်ကောက်မှာရှိတဲ့ တရုတ်သံရုံးက ငြင်းဆိုသွားခဲ့ပါတယ်။

အဲဒီဆည်ဟာ ရေတွေကို လျှော့ချဖို့ ဖောက်ထုတ်ခဲ့တဲ့ အခြေအနေတွေ အရင်က ရှိဖူးပေမယ့် လတ်တလောမှာတော့ အဲဒီကိစ္စမျိုး လုံးဝ မလုပ်ခဲ့ကြောင်း၊ ဒါကြောင့် ထိုင်းက ရေကြီးမှုတွေဟာ တရုတ်ရဲ့ ဆည်ရေတွေ ဖောက်ချမှုကြောင့် ဆိုတာမျိုးနဲ့ လုံးဝဥဿုံ မပတ်သက်ကြောင်း သံရုံးက ဆိုပါတယ်။

ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ဒေသတွေမှာ မဲခေါင်မြစ်နဲ့ ဆက်နွှယ်တဲ့ ရေကြီးမှုတွေကို အဓိက ကြုံနေပါတယ်။ တရုတ် သံရုံးရဲ့ အဆိုအရ တရုတ်ပိုင်နက်ထဲမှာ လန်ကန်မြစ်ရဲ့ အခြေအနေဟာ တည်တည်ငြိမ်ငြိမ် ရှိနေပြီး ဆည်ရေတွေ ဖောက်ထုတ် လျှော့ချဖို့ မလိုဘူးလို့လည်း သိရပါတယ်။ လန်ကန် ဆိုတာဟာ မဲခေါင်ကို တရုတ်မှာ ခေါ်တဲ့ နာမည်ပါ။ 

နောက်ပြီး ဆည်ကနေ နေ့စဉ်ပုံမှန် စွန့်ထုတ်တဲ့ ရေပမာဏကတောင် မနှစ်က ဩဂုတ်လနဲ့ ယှဉ်လိုက်ရင် ၆၀ ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း၊ ဆည်ကနေ ရေအလုံးအရင်း ဖောက်ချလိုက်တာမျိုး ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း လုံးဝ မရှိခဲ့ကြောင်း သံရုံးရဲ့ ဖြေရှင်းချက်မှာ ဖော်ပြထားပါတယ်။

ရေဘေးသင့် ချင်းရိုင်ဒေသကို မကြာသေးခင်က သွားရောက်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာက မဲခေါင်မြစ်ရဲ့ မကြုံစဖူး ရုတ်တရက် ရေတက်လာမှုတွေဟာ တရုတ်က ဆည်ဖောက်ချလို့ ဖြစ်နိုင်တယ် ဆိုတဲ့စကားမျိုး ဒေသခံတွေဆီ ပြောခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ သူက ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ဆည်ရေတွေ ထုတ်လွှတ်မှုကို လွန်ကဲတဲ့အဆင့် မဟုတ်ဘဲ ထိန်းညှိနိုင်အောင် တရုတ် အစိုးရနဲ့ ညှိနှိုင်းတာတွေ လုပ်ခဲ့တယ်လို့လည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီသတင်းတွေ ထွက်ပေါ်လာအပြီး သိပ်မကြာခင်မှာပဲ တရုတ်သံရုံးဖက်က ဖြေရှင်းငြင်းဆိုချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သက်ဆင်ရဲ့ စကားကို တိုက်ရိုက် ရည်ရွယ်တဲ့ တုံ့ပြန်ချက်လား ဆိုတာကိုတော ကွဲကွဲပြားပြား မသိရသေးပါဘူး။

ဩဂုတ် ၂၈ ရက်နေ့ထိ အ​ခြေအနေအရ ထိုင်းရဲ့ နက်ခွန်ဖာနွမ် ဒေသမှာ မဲခေါင်မြစ်ရဲ့ ရေအမြင့်ဟာ ၁၀.၄ မီတာမှာ ရှိနေပြီး စိုးရိမ်ရေအမှတ်ထက် ၁.၆ မီတာ လျော့နည်းနေပါတယ်။ ဒါပေမဲ့ မြောက်ဖက်ကနေ ရေတွေ အလုံးအရင်း ပိုမို စီးဆင်းလာနိုင်ခြေ ရှိနေပြီး မွိုင်၊ ဘန်ဖာအန်၊ သာအူသန်၊ သက်ဖန်နွမ် ဒေသတွေမှာ အာဏာပိုင်တွေက ရေစုပ်စက် အကြီးစားတွေ ကြိုတင် တပ်ဆင်နေပြီး နောက်ထပ် မြစ်ရေလျှံနိုင်ခြေတွေအတွက် ကြိုတင်ပြင်ဆင်နေကြောင်း သိရပါတယ်။

Ref: Bangkok Post