Photo – မင်းတုန်း ပကဖ (ပုံဟောင်း – မင်းတုန်းမြို့နယ်အတွင်းတနေရာမှာလမ်းပိုင်း စစ်ဆေးမှုလုပ်နေတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တချို့)
ဇူလိုင်၊ ၁၈
မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဆယ်လောက်လိုက်ပါလာတဲ့ ဖောကားကိုစောင့်ကြို တိုက်ခိုက်ရာမှာ ခြောက်ဦးသေဆုံးတဲ့အပြင် ဒုဗိုလ်မှူးကြီးတဦးအပါအဝင် နှစ်ဆယ်ကျော်ဒဏ်ရာရသွားတယ်လို့ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ကပြောပါတယ်။
“ကားကိုစောင့်ပစ်တာဆိုတော့ ကျွန်တော်တို့ကပဲ ပစ်လိုက်တာ၊မီတာတရာကျော်လောက်အရောက်မှာတော့ သူ တို့ကားပေါ်ကနေ ကျည်လေး၊ ငါးချက်လောက်ပြန်လာတာတော့ရှိပါတယ်”လို့မင်းတုန်းပကဖတာဝန်ခံ ကိုဗဟိန်း က DNAကိုပြောပါတယ်။
ပုသိမ်-မုံရွာ လမ်းပေါ် မင်းတုန်းမြို့နယ် ကျောက်တိုင်ကျေးရွာနဲ့ ပန်းပင်ကုန်းကျေးရွာအကြား တနေရာမှာ စစ် ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ အဖြူရောင်ဖောကားကို မနေ့က ညနေ ငါးနာရီခွဲဝန်းကျင်မှာ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ မင်းတုန်းပကဖက ဒီကနေ့ထုတ်ပြန်ပါတယ်။
ပစ်ခတ်မှုတွေကြောင့် ကားပေါ်ပါသူတွေအနက် ဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်းအပါအဝင် ၂၁ဦး ကျည်ထိ မှန်ခဲ့ပြီး အဲ့ဒီအထဲက ခြောက်ဦးပွဲချင်းသေဆုံးကာ ၁၅ဦးကတော့ ဒဏ်ရာတွေရခဲ့ကြောင်း အတွင်းသတင်းတွေ အရသိရတယ်လို့ဆိုပါတယ်။
အဲ့ဒီကားဟာ တိုက်ခိုက်ခံရပြီးနောက် မင်းတုန်းမြို့ဆေးရုံကို မောင်းနှင်သွားပြီး ဆေးရုံကိုပိတ်ဆို့လိုက်ကာ တ ခြားပြည်သူတွေကို ဆေးကုသခွင့်ပိတ်ပင်တာ၊မင်းတုန်းမြို့အတွင်း အရေးပေါ်မာရှယ်လောထုတ်တာတွေလုပ်ပြီး သတင်းအမှောင်ချဆေးကုသခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
တိုက်ခိုက်မှုနဲ့ နှစ်ဖက်ထိခိုက်ဒဏ်ရာရမှုအခြေအနေတွေနဲ့ပတ်သက်လို့ DNA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ တော့မရှိသေးပါဘူး။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါလာတဲ့ကားပေါ်ကနေ ပြန်လည်ပစ်ခတ်မှုတချို့နဲ့ အဲ့ဒီဖောကား နှစ်မိုင်အကွာ လောက် အရောက်မှာ တိုက်ခိုက်မှုဖြစ်တဲ့နေရာဘက်ကို လက်နက်ကြီး ခုနစ်လုံးလောက် ပြန်လည်ပစ်ခတ်ခဲ့ ပေမယ့် တော်လှန် ရေးတပ်တွေဘက်က အထိအခိုက်မရှိဘူးလို့ မင်းတုန်းပကဖ တာဝန်ခံ ကိုဗဟိန်းက ပြောပါ တယ်။
တော်လှန်ရေးတပ်တွေရဲ့ စောင့်ကြိုတိုက်ခိုက်မှုကြောင့် ဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်း အပါအဝင် ကျည် ထိ မှန်ဒဏ်ရာရခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုဒီကနေ့မနက်မှာ မင်းတုန်းဆေးရုံကနေ သရက်ဆေးရုံ လွှဲပြောင်း ကုသရတာရှိသလို သရက်ဆေးရုံကနေ မကွေးဆေးရုံကိုထပ်ဆင့်လွှဲပြောင်းလိုက်ရသူတွေလည်းရှိတယ်လို့ မင်း တုန်း ပကဖ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် အထက်မင်းလှမြို့နယ် ဘန့်ပြင်းကျေးရွာအနီးမှာ ဇူလိုင် ၁၅ရက် မနက်ပိုင်းက ဖြစ်ခဲ့တဲ့ ထိတွေ့တိုက် ပွဲမှာလည်း စစ်ကောင်စီဘက်က ခုနစ်ဦးသေဆုံးကာ ၁၄ဦးဒဏ်ရာရကြောင်းနောက်ဆက်တွဲသိရတယ်လို့ မင်း တုန်းပကဖ ရဲ့ဒီကနေ့ ထုတ်ပြန်ချက်ကဆိုပါတယ်။
မနေ့ညနေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါလာတဲ့ကားကို စောင့်ကြိုတိုက်ခိုက်ရာမှာ မင်းတုန်း၊မင်းလှနဲ့ မကွေးမြို့ နယ် ပကဖတွေပူးပေါင်းပါဝင်ခဲ့သလို ဒေသခံတော်လှန်ရေးတပ်တွေဖြစ်တဲ့United States Of Burma Army-USBA၊ West River Army-WRA၊ Key Of Revolution Guerrilla Force တို့လည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။
မင်းတုန်းမြို့နယ်အတွင်းက ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ သရက်-မင်းတုန်းလမ်းပိုင်းတွေမှာ ဖြတ်သန်းသွားလာသူတွေအနေနဲ့ ကားမှန်ချမောင်းနှင်ဖို့၊စစ်ကောင်စီထုတ်ကုန်တွေ တင်ဆောင်ခြင်းမပြုဖို့၊စစ်ကောင်စီကားတွေအနီးကနေ မောင်းနှင် ခြင်းမပြုဖို့၊ညခုနစ်နာရီကနေ မနက် ခြောက်နာရီအတွင်း ဖြတ်သန်းခြင်းမပြုဖို့ မင်းတုန်းပကဖ က ဇူလိုင် ၁၆ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။