မင်းတုန်းမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ဒေသခံတချို့ကို ဖမ်းဆီး စစ်ဆေးနေ

Photo – CJ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပြောင်းရွာက အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ဒေသခံတချို့ကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။

“ရွာကရခိုင်ရိုး အတက်နားဆိုတော့ ရိုးပေါ်ကဆင်းလာတာဆိုပြီး ဖမ်းဆီးစစ်ဆေးနေတာပေါ့၊ အဖမ်းခံရတာ ခြောက်ဦးလောက်ရှိသွားပြီ၊ တစ်ယောက်က ပိုက်ဆံသိန်းနှစ်ဆယ်ပေးပြီးထုတ်လာရတာ” လို့ ပြောင်းကျေးရွာမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လနှောင်းပိုင်းမှာ မင်းတုန်းမြို့နယ် ပြောင်းရွာက ကျေးရွာ အုပ်ချုပ်ရေးမှူးကို အမည်မသိသူ တွေက သေနတ်နဲ့ပစ်ခတ်လို့ လက်ရှိအချိန်အထိ မကွေးမြို့က ဆေးရုံမှာ ကုသမှုခံယူနေရတာပါ။

အဲ့ဒီလိုပစ်ခတ်မှုဖြစ်ပြီးနောက်တရက်မှာပဲ စစ်တပ်က ပြောင်းကျေးရွာမှာ စစ်ဆေးရေးဂိတ်တခုဖွင့်ကာ စစ်ဆေး ရေးတွေလုပ်နေပြီး ဒေသခံခြောက်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာ ဖမ်းဆီးခံရသူတွေထဲက တဦးသာ ပြန်လည်လွတ်မြောက်လာပြီး ကျန်သူတွေကိုတော့ စစ်ကြောရေးပို့ထားလို့ပဲ သိရတယ်လို့ ရွာခံတွေက ပြောပါတယ်။

မကွေးတိုင်း သရက်ခရိုင်ထဲမှာ လတ်တလော စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်နေပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။