မဲဇလီတံတား စစ်ဆေးရေးဂိတ်မှာ ခရီးသည်တင်ကားပေါ်က လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင် တချို့သိမ်းဆည်းခံရ

မကွေးတိုင်း မင်းတုန်းမြို့နယ် မဲဇလီတံတားစစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာ (၂၉) ရက် ညနေပိုင်းက ဘုမ္မဝတီယာဉ်လိုင်း ခရီးသည်တင်ယာဉ်တစီးပေါ်မှာ လက်နက်ခဲယမ်းတချို့နဲ့ စစ်အသုံးအဆောင်တွေပါလာလို့ စစ်ကောင်စီက သိမ်းဆည်းလိုက်ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြည်မြို့ဘက်က ထွက်လာတဲ့ အဲ့ဒီယာဉ်ဟာ ပုသိမ်-မုံရွာလမ်းအတိုင်း မင်းတုန်းမြို့ကို လာရာက မဲဇလီ တံတား စစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံရပြီးနောက် ရေစုပ်ပန့်လေအိုးထဲ ထည့်သယ်လာတဲ့ လက်နက်ခဲယမ်းတချို့နဲ့ စစ်အသုံးအဆောင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရှာတွေ့သွားတာလို့ဆိုပါတယ်။

“မနေ့က စစ်ရေးဂိတ်ကကောင်တွေ အလုပ်ရှုပ်နေကျတာ၊ အရင်ရက်ကနဲ့မတူဘူး၊ အင်အားလည်းများတယ် သ တင်းကြိုရထားလို့ဖြစ်မယ်၊ ညနေကျ လက်နက်တွေမိတယ်ကြားတာပဲ၊ ဒီဘက်မှာ အစစ်အဆေးတွေ နည်းသွားတာ တစ်လလောက်တော့ရှိပြီ “လို့ မင်းတုန်းမြို့ခံတဦးက DNA ကိုပြောပါတယ်။

လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တွေ တွေ့ရှိတာကြောင့် အဲ့ဒီခရီးသည်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက် လိုက်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တဲ့အပြင် ယာဉ်ကိုလည်း သိမ်းဆည်းထားတယ်လို့သိရပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ ဝါဒဖြန့် လူမှုကွန်ရက်ချန်နယ်တွေကတော့ ခရီးသည်တင်ယာဉ် ပေါ်ကနေ M4 သေနတ် တလက်၊M-16 သေနတ်တလက်နဲ့ ကျည်ကတ်တချို့၊ဒရုန်းနဲ့ ဆက်စပ်ပစ္စည်း တွေ၊ ”မိုးကြိုးပြောက်ကျား တပ် ဖွဲ့”စာတန်းပါ ယူနီဖောင်းတံဆိပ်တွေ သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။

မင်းတုန်းဒေသအတွင်းမှာတော့ အဲ့ဒီနာမည်နဲ့ တော်လှန်ရေးတပ်ဖွဲ့မရှိဘူးလို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ ဝင်တဦးက ပြောပါတယ်။
“သတင်းကြားလို့ လက်လှမ်းမှီသလောက်စုံစမ်းကြည့်တော့လည်း မရှိပါဘူး၊ စခတွေက သတင်းလွှင့်ချင်လို့ လုပ်တာလည်း ဖြစ်နိုင်တယ် ၊ကားသမားတော့ဒုက္ခရောက်တာပေါ့ “လို့ သူကပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာတော့ မိုးကြိုးပြောက်ကျား တပ်ဖွဲ့နာမည်နဲ့ လှုပ်ရှားနေတဲ့ တော်လှန်ရေး အဖွဲ့တချို့ ရှိပါတယ်။ အဲ့ဒီနာမည်နဲ့ စစ်ကိုင်းမြို့အခြေစိုက်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တဖွဲ့ရှိတာကိုလည်း DNA ကစုံစမ်းသိရှိရပြီး အဲ့ဒီအဖွဲ့နဲ့တော့ အဆက်အသွယ်မရသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သရက်ခရိုင် အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တခုက တပ်ဖွဲ့ဝင်နှစ်ဦး စစ်ကောင်စီထံ အလင်းဝင်ပြီးနောက် အခုလို ဖမ်းဆီးခံရတာဖြစ်လို့ အဲ့ဒီဖြစ်စဉ်နဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့လည်း ဒေသတွင်း တော်လှန်ရေး အင်အားစုတချို့က ဆိုပါတယ်။