ပြည်သူ့သဘောထားရေချိန် အနိမ့်အမြင့်ကို ကြည့်ပါ

၁။ မြန်မာ့နွေဦးရဲ့ တော်လှန်ရေးဒီရေ အနိမ့်အမြင့်ဟာ ပြည်သူလူထုသဘောထားနဲ့ တိုက်ရိုက်ချိတ်ဆက်နေပါတယ်။ လူထုတော်လှန်ရေးဟာ လူထုသဘောထားရေချိန်အပေါ်မှာ တည်မှီနေတယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ လူထုရဲ့ သဘောထားဆိုတာ — အမြဲတမ်း အချိန်ပြည့် တသတ်မတ်တည်း ရှိနေတာတော့ မဟုတ်ပါ။ အနိမ့်အမြင့် အတက်အကျ ရယ်လို့ ရှိတတ်စမြဲဖြစ်ပါတယ်။ အကြောင်းအကျိုးတို့ ညီညွတ်တဲ့အချိန် တော်လှန်ရေးပြင်းထန်တတ်ပြီး အကြောင်းအကျိုး ကိုက်ညီတဲ့အချိန်မှာ တော်လှန်ရေး အားလျော့တတ်ပါတယ်။ လူထုရဲ့ ရပ်တည်မှုအကျပ်အတည်းဟာ — လူထုရဲ့ သဘောထားနဲ့ တိုက်ရိုက်ချိတ်ဆက်နေပါတယ်။ 

၂။ ပြည်သူလူထုကို ကျပ်တည်းအောင် လုပ်တဲ့ အစိုးရတွေဟာ လူထုရဲ့ ယုံကြည်မှု လျော့ကျတတ်ပါတယ်။ ပြည်သူကို မငတ်အောင်၊ ချောင်လည်အောင် လုပ်ပေးတဲ့အစိုးရတွေဟာ ပြည်သူ့ ကြည်ဖြူမှုကို ရပါတယ်။ အလွန်အမင်းအစွန်းရောက်သော နိုင်ငံရေးအယူဝါဒဖြင့် လူထုဒေါသကို မလျော်ကန်သောနည်းဖြင့် မြှင့်တင်ပေးခြင်းကို အစွန်းရောက်နိုင်ငံရေးသမားတွေက လုပ်လေ့လုပ်ထရှိပါတယ်။ တော်လှန်ရေးသက်လုံဟာ ဦးဆောင်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အမြော်အမြင်နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။  

၃။ လူထုတော်လှန်ရေးဟာ လူထုနောက်မြီးဆွဲနိုင်ငံရေးခေါင်းဆောင်တွေရဲ့ လက်ဝေခံ ဖြစ်လို့ မရပါ။ လူထုဒေါသကို ဆွဖို့ ချောင်ပိတ်မိတဲ့ အကျပ်အတည်းတွေဆီကို အမြော်အမြင်မဲ့ ဆွဲခေါ်သွားလို့ မရပါ။ လူထုရဲ့ ရေရှည်အကျိုးစီးပွားကို နားလည်ပြီး အကန့်အသတ်တွေကို နားလည်ကြဖို့ ဖြစ်ပါတယ်။ လူထုဟာ ကျပ်တည်းလွန်းမက ကျပ်တည်းလာရင် မဲမဲမြင်ရာ ထပြီးတော်လှန်လိမ့်မယ်ဆိုတဲ့နိုင်ငံရေးအယူဝါဒဟာ ခေတ်ဟောင်းမှာ ကျန်ခဲ့ပါပြီ။ လက်တွေ့ကျတဲ့ နိုင်ငံရေးမဟာဗျူဟာမျိုးနဲ့ ပြည်သူ့သဘောထားတွေကို သိမ်းကြုံးရယူထားနိုင်ဖို့အပြင် ရလဒ်ပေါ်သော နိုင်ငံရေးလုပ်ရပ်တွေကို ချဲ့ထွင်ကြဖို့ ဖြစ်ပါတယ်။  

၄။ လူထုကို လိမ်ညာတာဟာ — နိုင်ငံရေးသီလချိုးဖောက်တာဖြစ်ပြီး မျှော်လင့်ချက်အတုတွေနဲ့ ဆွဲဆောင်သိမ်းသွင်းတာဟာ လူထုထောက်ခံမှု မြင့်အောင် လုပ်ဆောင်တဲ့ မှန်ကန်သော လုပ်ရပ် မဟုတ်ပါဘူး။ လူထုကို ကျုံးသွင်းတာသာ ဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကို မှန်မှန်ကန်ကန် ချမှတ်ပြီး လက်တွေ့ဖြစ်နိုင်သော နိုင်ငံရေးကို လုပ်ဆောင်မှသာလျှင် ပြည်သူ့ ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ပါလိမ့်မယ်။  

၅။ လူထုကြားထဲမှာ နိုင်ငံရေးဟုတ်ယောင်ထင်မှုတွေနဲ့ မှိန်းမောရှေ့ဆက်စေတာမျိုးကို အားပေးအားမြှောက် မလုပ်ကြဖို့ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းသုတ်သင်နိုင်ရေးအတွက် ခပ်ပေါ့ပေါ့ နိုင်ငံရေးသမားတွေရဲ့ ဦးဆောင်မှုကို လျော့ချနိုင်ဖို့ လိုပါတယ်။ လူထုရဲ့ နိုင်ငံရေးယုံကြည်မှု ခိုင်ခိုင်မာမာ မရရှိဘဲနဲ့ မဟာမိတ်ဆက်ဆံရေး စစ်ရေးတပ်ပေါင်းစုတည်ဆောက်တဲ့အခါ လျော့ရွဲသော နိုင်ငံရေးဆက်ဆံမှုကိုသာ ရရှိတာတွေ့ရပါတယ်။ လူထုကို ဦးဆောင်တဲ့နိုင်ငံရေးသမားတွေမှာ နိုင်ငံရေးညှို့ဓာတ် ပြည့်ပြည့်ဝဝ ရှိထားမှသာလျှင် တော်လှန်ရေးဦးဆောင်မှုအခန်းကဏ္ဍမှာ – လူထုယုံကြည်မှုကို ပြည့်ပြည့်ဝဝ ရပါလိမ့်မယ်။ ညံ့ဖျင်းသောနိုင်ငံရေးကိုယ်ရည်ကိုယ်သွေးဖြင့် လူထုယုံကြည်မှုသဘောထားရေချိန်ကို ဇွတ်အတင်း မြှင့်တင်ချင်လို့ မရပါ။  

အယ်ဒီတာ

၃၀ ၊ နိုဝင်ဘာ၊ ၂၀၂၂။