ကလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုး သမီးဆေးတပ်သား (၉) ဦးကို စစ်ကောင်စီက က လေးမြို့တောင်ဘက် မော်လိုက်ကလေး အကျဥ်းထောင်တွင်း တရားရုံးက အောက်တိုဘာလအတွင်းမှာ ထောင်ဒဏ် (၁၂) နှစ် စီချမှတ်လိုက်တယ်လို့ ထောင်ဒဏ်ချမှတ်ခံရသူတွေရဲ့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲ့ဒီ ဆေးတပ်သားအမျိုးသမီးတွေကို ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်တွေနဲ့ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပြီး ခုခံချေပခွင့်တစုံတရာ ရရှိခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။
” မိသားစုတွေအနေနဲ့ စိတ်မကောင်းဖြစ်ကြပေမယ့် ယူကျုံးမရငိုကြွေးတာမျိုး မရှိကြဘူး၊ အဲလောက်ကျမယ်လို့ မှန်းထားကြပြီးသား” လို့မိသားစုတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက PDF (Klay) ဆေးတပ်သား အမျိုးသမီးတွေကို ဖမ်းဆီးပြီး တစ်နှစ်နီးပါးအကြာမှာ အ ခုလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၁၆) ရက်မှာ ကလေးမြို့ အနောက်တောင်ဘက်က PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်စီးပြီး ဆေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ မဇမ်ဇိုးဇာမ်၊ မမန်လွန်းဒိမ်း၊ မညောင်ဒွ့န့်ကျင်၊ မမားလ်ဆောမ်ဒေါင်းအီး၊ မလားလ်တန်လွေးအီး၊ မလားလ်လွန်စန်းအီး၊ မလားလ်မွမ်းကိမ်းအီး၊ မဗန်လားရွန်းအီး၊ မလားလ်ပျန်းဖဲလ်အီးတို့ကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
” ထောင်ထဲမှာအမူစစ်တုန်းကတော့ မိသားစုဝင်တွေနဲ့တွေ့ခွင့်ရတယ်၊ တွေ့ခွင့်ရတယ်ဆိုပေမယ့် အဝေးကနေပဲလက်ပြနှုတ်ဆက်တွေ့ခွင့်ရတာ၊ အိမ်ထမင်းဟင်းလေးစားချင်ကြတယ်ဆိုလို့ ပေးတော့ စားခွင့်ရတယ်လို့ပြောတယ်” လို့မိသားစုတွေနဲ့ရင်းနှီးသူတစ်ဦးကပြောပါတယ်။