ထိုင်းမှာ MOU မြန်မာလုပ်သားတွေပါဝင်တဲ့ ခရီးသည်တင်ယာဥ်တိမ်းမှောက်ပြီး မြန်မာလုပ်သားနှစ်ဦးအပါအဝင် သုံးဦးသေဆုံး

ထိုင်း-မြန်မာနယ်စပ် မဲဆောက်​​မြို့ကနေ တာ့ခ်မြို့ကို သွားတဲ့လမ်းမှာ မနေ့နိုဝင်ဘာ ၂၉ ရက်ညပိုင်းက မြန်မာအလုပ်သမားတွေပါဝင်တဲ့ ဘတ်စ်ကားတစီးတိမ်းမှောက်ခဲ့ပြီး ထိုင်းယာဉ်မောင်းနဲ့ မြန်မာအလုပ်သမား ၂ ဦးသေဆုံးခဲ့တယ်လို့ ထိုင်းရောက်မြန်မာ့အရေး ဆောင်ရွက်ပေးနေသူဆီက သိရပါတယ်။

အဲဒီကားပေါ်မှာ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ လာရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာလုပ်သား ၄၅ ဦး လိုက်ပါလာတာဖြစ်ပြီး ယာဥ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၃ ဦးအပြင် ထိခိုက်ဒဏ်ရာရသူလည်းများတယ်လို့သိရပါတယ်။

“ခရီးသည် ၄၅ ဦး၊ အရာရှိ ၂ ဦးနှင့် အမှုထမ်း ၂ ဦး စုစုပေါင်း ၄၇ ဦးပါတာ မဲဆောက်ကနေ တာ့ခရိုင်ဘက်တက်တာ။ ခုဖြစ်တဲ့နေရာမှာ ဘရိတ်ကျိုးသွားပြီး ကားက ကွန်ကရစ်အတားအဆီးပေါ်က ခုန်ဆင်းပြီး တဖက် ယာဉ်ကြောဘက်ရောက်ပြီး မှောက်သွားတာ”လို့ ယာဉ်တိမ်းမှောက်မှုအခြေအနေကို သိထားတဲ့ ပရဟိတ အဖွဲ့ဝင် ကိုစည်သူမောင်က DNA ကိုပြောပြပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ကားပေါ်မှာခရီးသည်နဲ့ ဘတ်စ်ကားဝန်ထမ်း စုစုပေါင်း ၄၇ ဦး၊ နိုင်ငံခြားသား ၄၅ ဦးနဲ့ ထိုင်း ၂ ဦးတို့ ပါဝင်ခဲ့ပြီး ရောင်ဝါဦးအေဂျင်စီက ပို့ဆောင်ထားတဲ့ မြန်မာလုပ်သားတွေပါဝင်တဲ့ ကားဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ဒဏ်ရာရရှိသူများတွေ သေဆုံးသူတွေကို Taksin Maharat ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။