ကျိုုက်ထိုမြို့နယ် လျှပ်စစ်ရုံးက အရာရှိ ပစ်ခတ်ခံရပြီး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က လျှပ်စစ်အင်ဂျင်နီယာရုံးက အရာရှိတဦးကို မနေ့အောက်တိုဘာ ၂၉ ရက်ညနေပိုင်းက အမည်မသိလူတစုက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ မနေ့ညနေပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက မြို့နယ်မှူး ဦးမိုင်းနေထွန်းအောင် ခေါ် ကိုမိုင်းဟာ ရုံးကနေ နေအိမ်ကိုပြန်လာချိန်မှာ အမည်မသိလူတစုက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ AE က ရုံးကနေ အိမ်ပြန်ပေါ့၊ ခါတိုင်းသူကားနဲ့ပဲ အပြင်ထွက်သွားလာတာက၊ အခုက သူဆိုင်ကယ်နဲ့ ရုံးကနေ ထွက်လာတာ ကံ့ကော်ရုံးထောင့်နားမှာပဲ အမည်မသိလူတစ်စုက သေနတ်နဲ့ ၆ ချက်၊ ၇ ချက် ပစ်သွားတယ်၊ သူ့ကိုတော့ ဆေးရုံသယ်သွားသေးတယ်၊ ဆေးရုံရောက်မှ သေသွားတာ”လို့ နီးစပ်တဲ့မြို့ခံတဦးက ပြောပါတယ်။

ပစ်ခတ်ခံရပြီးသေဆုံးခဲ့တဲ့ ဦးမိုင်းနေအောင်ထွန်းဟာ အရင်က ပေါင်မြို့နယ်မှာ မြို့နယ်အငယ်တန်း အင်ဂျင်နီယာရာထူးဖြင့် တာဝန်ထမ်းဆောင်ရာကနေ ပြီးခဲ့တဲ့ ၅ လလောက်ကမှ ကျိုက်ထိုမြို့နယ်ရုံးကို AE ရာထူးနဲ့ ရာထူးတိုး ပြောင်းရွေ့ခဲ့တာဖြစ်တယ်လို့လည်း မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

သူဟာ ကျိုက်ထိုမြို့နယ်အတွင်းက ရပ်ကွက်ကျေးရွာတွေကို လျှပ်စစ်မီးဖြတ်တာ၊ ကျေးရွာမီးလင်းရေး ကော်မတီတွေထံ ငွေကြေးအများအပြားတောင်းခံမှုတွေ ရှိနေတာကြောင့် ပစ်ခတ်ရှင်းလင်းခံရတာလို့ မြို့ခံတွေအကြားမှာ ပြောဆိုမှုတွေ ရှိနေပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်းမရှိပါဘူး။

ဦးမိုင်းနေထွန်းအောင်ဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ အချိန်ကာလတုန်းက အကြမ်းမဖက် CDM လှုပ်ရှားမှုမှာ အစောဆုံးပါဝင်ခဲ့သူတစ်ဦး ဖြစ်ခဲ့ပေမယ့် အဲနောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် Non CDM ပြန်လုပ်ခဲ့သူလည်း ဖြစ်တယ်လို့လည်း နီးစပ်သူတွေဆီက သိရပါတယ်။

Delta News

Read Previous

ထိုင်းဘုန်းကြီးကျောင်း တစ်ခုမှာ မူးယစ်ဆေးသုံးထားကြောင်း ဆေးစစ်တွေ့ရှိလို့ ဘုန်းကြီးအားလုံး လူဝတ်လဲရ

Read Next

ထိုင်းမှာ MOU မြန်မာလုပ်သားတွေပါဝင်တဲ့ ခရီးသည်တင်ယာဥ်တိမ်းမှောက်ပြီး မြန်မာလုပ်သားနှစ်ဦးအပါအဝင် သုံးဦးသေဆုံး