ထိုင်းဘုန်းကြီးကျောင်း တစ်ခုမှာ မူးယစ်ဆေးသုံးထားကြောင်း ဆေးစစ်တွေ့ရှိလို့ ဘုန်းကြီးအားလုံး လူဝတ်လဲရ

ထိုင်းနိုင်ငံ အလယ်ပိုင်းက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ခုမှာ မူးယစ်ဆေး သုံးစွဲမှုရှိမရှိ ဆေးစစ်ခဲ့တဲ့နောက် ဘုန်းကြီးအားလုံး ဆေးကျလို့ လူဝတ်လဲစေခဲ့ရကြောင်း သိရပါတယ်။ 

ဖက်ချာဘွန်း ပြည်နယ်က ဘွမ်ဆမ်ဖန် ဒေသမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ဘုန်းတော်ကြီးတွေ မက်သာမက်ဖက်တမင်း မူးယစ်ဆေး သုံးစွဲမှု ရှိမရှိ အာဏာပိုင်တွေက ဆေးစစ်စေခဲ့တာပါ။ အနီးမှာရှိတဲ့ ကျန်းမာရေး ဌာန တစ်ခုမှာ သွားရောက် ဆေးစစ်ခဲ့တဲ့နောက် ကျောင်းထိုင် ဆရာတော် အပါအဝင် ဘုန်းကြီး လေးပါးလုံးရဲ့ ဆေးစစ်အဖြေက မူးယစ်ဆေး သုံးထားကြောင်း Positive ရလဒ် ထွက်ခဲ့ပါတယ်။ 

သာသနာတော်နဲ့ မလျော်ညီတဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကြောင့် ဘုန်းကြီးလေးပါးစလုံးကို လူဝတ်လဲစေခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ တစ်ဦးဖြစ်တဲ့ ဘွန်လတ် သင်တပ်ထိုင်းက ပြောပါတယ်။ 

လောလောဆယ် ဘုန်းကြီးကျောင်းမှာ လူသူကင်းမဲ့သွားပြီး နီးစပ်ရာ ကျေးရွာတွေက သူတို့အနေနဲ့ ကိုးကွယ်ဆည်းကပ်စရာ မရှိမှာကို စိုးရိမ်တကြီး ဖြစ်နေတယ်လို့လည်း သူက ဆိုပါတယ်။ ရွာသားတွေက ဘုန်းကြီးတွေကို လှူဒါန်းတာ၊ ဆွမ်းကပ်တာ၊ ဆုတောင်းတာတွေ ပုံမှန် လုပ်လေ့ ရှိပါတယ်။ 

ဘွန်လတ်ကတော့ သာသနာရေးဆိုင်ရာ တာဝန်ရှိသူတွေက တခြား ဘုန်းတော်ကြီးတွေကို အဲဒီကျောင်းတိုက်ဆီ သွားရောက် သတင်းသုံးနိုင်အောင် စီစဉ်ပေးနေကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံက ရှမ်းပြည်နယ်မှာ ချက်လုပ်လေ့ရှိတဲ့ မက်သမက်ဖက်တမင်း မူးယစ်ဆေးဝါးတွေကို အရှေ့တောင်အာရှမှာ ဖြန့်ဖြူးတဲ့အခါ လာအိုကနေတဆင့် ထိုင်းကို ရောက်ရှိလာလေ့ ရှိတယ်လို့ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေး အေဂျင်စီ (UNODC)က ထုတ်ပြန်ထားပါတယ်။ 

ယာဘလို့ အလွယ်တကူ ခေါ်ဝေါ်လေ့ရှိတဲ့ မက်သမက်ဖတမင်း ဆေးဝါးတွေကို ထိုင်းရဲ့ လမ်းဘေးစျေးကွက်တွေမှာ တစ်ပြားကို ဘတ် ၂၀ အောက် စျေးနှုူန်းမျိုးနဲ့ ရောင်းချလေ့ ရှိနေကြောင်း ရဲတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အရှေ့တောင်အာရှနဲ့ ကမ္ဘာတလွှားမှာ နိုင်ငံအလိုက် စံချိန်တင် အရေအတွက်ထိ မက်သမက်ဖက်တမင်း မူးယစ်ဆေးတွေ ဖမ်းဆီးရမိတဲ့ သတင်းတွေ မကြာခဏ ကြားလာရပါတယ်။ ပြီးခဲ့တဲ့လက ဟောင်ကောင်မှာ အဲဒီ မူးယစ်ဆေး ပမာဏ အများဆုံး ဖမ်းဆီး ရမိမှုအဖြစ် အလေးချိန် ၁.၈ တန်ရှိတဲ့ မက်သမက်ဖက်တမင်း အရည်တွေကို သိမ်းယူခဲ့ပါတယ်။ 

ဩဂုတ်လတုန်းက ဆိုရင်လည်း ဩစတြေးလျမှာ အဲဒီ မူးယစ်ဆေး အလေးချိန် ၂ တန်းနဲ့ မက္ကဆီကိုမှာ အလေးချိန် ၁.၅ တန်စီ အသီးသီး ဖမ်းဆီး ရမိခဲ့ကြောင်း သိရပါတယ်။