နျူကလီးယားထိပ်ဖူးတွေ တရုတ် အရှိန်အဟုန်မြှင့် တည်ဆောက်နေကြောင်း အမေရိကန် သတိပေး 

တရုတ်ဟာ နျူကလီးယား ဒုံးကျည် ထိပ်ဖူးတွေ ပိုင်ဆိုင်မှု အရေအတွက်ကို သိသိသာသာ မြှင့်တင်ဖို့ အားထုတ် ဆောင်ရွက်နေကြောင်း အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က သတိပေး ပြောကြားလိုက်ပါတယ်။ 

၂၀၃၅ ခုနှစ် အရောက်မှာ တရုတ်ရဲ့ ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA) အနေနဲ့ နျူကလီးယားထိပ်ဖူး အရေအတွက် ၁၅၀၀ လောက် ပိုင်ဆိုင်နိုင်အောင် ကြိုးစားနေတယ်လို့ အမေရိကန်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနလည်းဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

တရုတ်ဟာ နျူကလီးယား လက်နက်တိုက်ကို ချဲ့ထွင်နေကြောင်း မနှစ်တုန်းက ပင်တဂွန်ရဲ့ အစီရင်ခံစာ နောက်ဆက်တွဲအဖြစ် အခု အချက်အလက် အသစ်ကို ထပ်မံ ထုတ်ပြန်ခဲ့တာပါ။ တရုတ်ရဲ့ နျူကလီးယား ထိပ်ဖူးတွေ ပိုင်ဆိုင်ရေး အားထုတ် ကြိုးပမ်းမှုဟာ မူလက အမေရိကန် ခန့်မှန်းထားတာထက်တောင် အရှိန်အဟုန် ပိုမြန်ဆန်နေသေးတယ်လို့လည်း ဒီနှစ် အစီရင်ခံစာမှာ သတိပေး ရေးသားထားပါတယ်။ 

မနှစ်တုန်းက အမေရိကန်ဟာ ၂၀၃၀ ပြည့်နှစ် ဆိုရင် တရုတ်မှာ နျူကလီးယားထိပ်ဖူး ၁၀၀၀ လောက် ရှိမယ်လို့ မှန်းဆထားခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်ရှိ အရှိန်အဟုန်အရဆိုရင် ၂၀၃၅ ခုနှစ်မှာ ထိပ်ဖူး အရေအတွက် ၁၅၀၀ လောက်ထိ ရှိနေမယ့် အလားအလာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ 

လတ်တလောမှာတော့ တရုတ်ရဲ့ နျူကလီးယား လက်နက်တိုက်ထဲမှာ ထိပ်ဖူး အရေအတွက် ၄၀၀ ဝန်းကျင်လောက် စုဆောင်း သိုမှီးထားတယ်လို့ ယူဆရပါတယ်။ ကမ္ဘာပေါ်မှာ နျူကလီးယား ထိပ်ဖူး ဒုတိယ ပိုင်ဆိုင်မှု အများဆုံးဖြစ်တဲ့ အမေရိကန်မှာတော့ တိုက်ပွဲဝင်အဆင့် အသင့်ရှိနေတဲ့ ထိပ်ဖူးအရေအတွက် ၃၇၅၀ လောက် အပါအဝင် စုစုပေါင်း ၅၄၀၀ကျော် ရှိနေပါတယ်။ ကမ္ဘာပေါ်မှာ နျူကလီးယားထိပ်ဖူး အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံက ရုရှားဖြစ်ပြီး နျူကလီးယား ထိပ်ဖူး စုစုပေါင်း ၆၀၀၀ နီးပါးလောက်ထိ များပြားတယ်လို့ ယူဆရပါတယ်။ 

အမေရိကန်ရဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးစင်တာ အကြီးအကဲ ဘိုနီလင်းက တရုတ်ရဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်မှု ချဲ့ထွင်တာတွေက သူတို့ရဲ့ မဟာဗျူဟာ စစ်ရေးရည်မှန်းချက်တွေကို ခန့်မှန်းဖို့ ပိုမို ရှုပ်ထွေးလာစေတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ အရင်က တရုတ်ဟာ နျူကလီးယား လက်နက်တွေကို ကာကွယ်ရေး ကဏ္ဍအတွက်ပဲ အသုံးပြုဖို့ ရည်ရွယ်ထားပေမယ့် အရေအတွက် အများအပြား ထုတ်လုပ်ဖို့ ကြိုးစားနေခြင်းက တွေးစရာတွေ အများကြီး ဖြစ်လာစေတယ်လို့ သူက ထောက်ပြပါတယ်။ 

အမေရိကန်နဲ့ ဆက်ဆံရေး ခါးသီးနေတဲ့ တရုတ်နဲ့ ရုရှားတို့ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်လာတာကိုလည်း ပင်တဂွန်က အထူး အာရုံစိုက် စောင့်ကြည့်နေပါတယ်။ တရုတ်ဟာ ယူကရိန်း စစ်ပွဲမှာ ရုရှားကို လက်နက် ထောက်ပံ့တာမျိုး မရှိပေမယ့် ပူးပေါင်း စစ်ရေးလေ့ကျင့်တာမျိုး အစီအမံတွေကိုတော့ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။