ဖျာပုံမြို့ အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့ အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမူးရုံးကို ဒီကနေ့ နိုဝင်ဘာလ ၃၀ ရက် မနက် ၁၀ နာရီကျော်လောက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖြစ်ကြတဲ့ Black Dragon အဖွဲ့နဲ့ ဖျာပုံ PDFP တပ်ဖွဲ့ဝင်တွေက DNA ကိုပြောပါတယ်။

“ဖျာပုံမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ပါးစေ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအားလုံးကို သတိပေးလိုက်တာ ရပ်ကွက် ၉ အုပ်ချုပ်ရေးမှူးရုံးကို ဒီနေ့ဖေါက်ခွဲပြတာက Black Dragon နဲ့ PDFP ရဲဘော်တွေဟာ အဆုံးအထိ ဆက်ရှိနေမယ်ဆိုတာကို သိစေချင်တာပါ” လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှုးရုံး ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်အများအပြား ရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဖမ်းဆီးခံရသူ ရှိ မရှိ အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ဖျာပုံမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ၂၈ ရက်နေ့က ဗုံးပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်နဲ့ သြဂုတ်လ၂၃ ရက်နေ့က ထွေအုပ်စာရေး နှင်းဝေခိုင်နဲ့ အဖော်ဖြစ်သူတို့ အသတ်ခံရမှု ဖြစ်ပွားပြီးနောက် လူငယ်တချို့ ဖမ်းဆီးခံရမှုတွေ ရှိခဲ့တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။