DNA သတင်းထောက်ဟောင်း ကိုမျိုးစံစိုး ထောင် (၁၅) နှစ်ချမှတ်ခံရ

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့ ထောင်တွင်းတရားရုံးကနေ DNA သတင်းထောက်ဟောင်း ကိုမျိုးစံစိုးကို ဒီနေ့မှာပဲ အမှုနှစ်ခုအတွက် ထောင်ဒဏ် (၁၅) နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည) အတွက် ထောင်ဒဏ် (၁၀)နှစ် နဲ့ ပုဒ်မ ၅၂(က)အတွက် ထောင်ဒဏ် (၅)နှစ် စုစုပေါင်း (၁၅)နှစ်ချမှတ်ခဲ့တာလို့ သူ့ရဲ့မိတ်ဆွေတဦးက ပြောပါတယ်။

ကိုမျိုးစံစိုးဟာ BNI၊ DNA စတဲ့ သတင်းဌာနတွေမှာ သတင်းထောက်၊ ရုပ်သံသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ တဦးဖြစ်ပါတယ် ။ DNA မှာ ၂၀၂၀ ခုနှစ်ကနေ ၂၀၂၁ မေလ ၊ အာဏာသိမ်းပြီးစ ကာလတွေအထိ သတင်းအလုပ်တွေ လုပ်ကိုင်ခဲ့သူတဦး ဖြစ်ပါတယ်။

သူဟာ နောက်ပိုင်းကာလတွေမှာ ကိုဗစ်ရောဂါကာကွယ်ရေး ပရဟိတလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေရင်း ၂၀၂၁ ဩဂုတ်လမှာ ဖမ်းဆီးခံခဲ့ရတာပါ။

ဒီနေ့မှာပဲ ဖျာပုံတရားရုံးကနေ ကိုမျိုးစံစိုးနဲ့အတူ ကိုဇင်မျိုးထက်၊ ကိုဘိုဘိုဇော်၊ ကိုသန့်ဇင်ဦး၊ ကိုအောင်မြင့်စိုး (ခ) ကိုကျော်မိုးတို့ကိုပါ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ကိုမျိုးစံစိုးကို စတင်ဖမ်းဆီးချိန်ကနေ ဖျာပုံအကျဉ်းထောင်မှာ ထားခဲ့တာဖြစ်ပြီး အခုလို နှစ်ရှည်ထောင်ဒဏ် ချမှတ်ပြီးချိန်မှာ ပုသိမ်ထောင်ကို ပြောင်းရွှေ့ဖို့အတွက် ဖျာပုံမြို့မရဲစခန်းကို ပို့လိုက်ပြီလို့ သိရပါတယ်။