ရွှေဘိုနယ်ထဲက ဆင်အင်းရွာနဲ့ မအူပင်ရွာကို စစ်တပ်က မီးရှို့နေပြီး ဒေသခံအများအပြား ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ဆင်အင်းရွာနဲ့ မအူပင်ရွာကို ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာစစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတပ်တွေ ပေါင်းပြီး မီးရှို့နေပြီး ဒေသခံတွေ ဖမ်းဆီးခံရမှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ ဆင်အင်းရွာအနောက်ဘက်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြားတိုက်ပွဲဖြစ်ပြီးဆင်အင်းရွာကို ဝင်ရောက်မီးရှို့ကာ ဒေသခံတွေကိုဖမ်းဆီးတာဖြစ်တယ်လို့ လည်း ဆိုပါတယ်။

“တိုက်ပွဲက ဆင်အင်းရွာအနောက်မှာဖြစ်တာ ဒေသခံအမျိုးသားတော်တော်များများကို စစ်တပ်ကဖမ်းထားတယ်။ အခုလက်ရှိလည်း ဆင်အင်းရွာရော မအူပင်ရွာ နှစ်ရွာလုံးကိုမီးရှို့နေတာ’’ လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။

လက်ရှိမှာလည်း ကျေးရွာမီးရှို့ခံရမှုကြောင့် ထွက်ပြေးနေတဲ့ ဒေသခံတွေကိုပါစစ်ကောင်စီနဲ ပျူစောထီးတပ်တွေက လိုက်လံဖမ်းဆီးနေပြီး အမျိုးသမီးတွေကို ပြန်လွှတ်ပေးပေမယ့်အမျိုးသားတွေကတော့ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ သိရပါတယ်။

မနေ့ နိုဝင်ဘာ ၂၉ ရက်မှာလည် ရွှေဘိုနယ်ထဲက ညောင်ပင်သာရွာ၊ ဘိုကုန်းရွာနဲ့ ကျီးကန်ရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ခဲ့သေးတယ်လို့လည်း ဒေသခံတွေကပြောပြကြပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ညောင်ပင်သာရွာရှိ ဘိုကုန်းရပ်ကွက်နှင့် ကျီးကန်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် ကန်သာကုန်းရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

တဖက်မှာလည်း အခုနိုဝင်ဘာလထဲမှာပဲ ရွှေဘိုခရိုင်ထဲက ကျေးရွာတွေနဲ့ ဝက်လက်ဒေသဘက်မှာစစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားထိတွေ့တိုက်ပွဲတွေဆက်ဖြစ်နေတာကိုလည်းကာကွယ်ရေးတပ်တွေရဲ့သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ထဲမှာတော့ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် နေရပ်စွန့်ခွာ ပြေးနေရတဲ့ စစ်ရှောင်ဦးရေ ၇၀၀၀ ဝန်းကျင်လောက်ရှိနေပြီးလက်ရှိမှာတော့ ရွှေဘိုအနောက်ခြမ်းမှာတင် နှစ်ရက်အတွင်း စစ်ရှောင်ဦးရေ ၅၀၀ ထပ်တိုးလာတယ်လို့လည်း စစ်ရှောင်အရေးကူညီပေးနေသူတွေကပြောပါတယ်။