မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံ အနီးက နေအိမ်တွေ ဖယ်ရှားခံရလို့ အိမ်ထောင်စုတရာနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း (၁) ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံအနောက်ခြမ်း၊ ဘောလုံးကွင်းအနီးကနေအိမ်တွေကို ကျုးကျော်လို့သတ်မှတ်ကာ စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းမှာ ဖျက်သိမ်းဖယ်ရှားလိုက်တာကြောင့် အိမ်ထောင်စုတရာဝန်းကျင် အိုးအိမ်မဲ့ပြီး နေထိုင်ရေး အခက်တွေ့နေကြတယ်လို့ နေအိမ်ဖျက်သိမ်းခံရသူတွေက ပြောပါတယ်။

“တခြားဘက်တွေ၊ မာလာမြိုင်ဘက်တွေမှာ အိမ်လိုက်ငှားပါသေးတယ်၊ အိမ်ကလည်းငှားမရ၊ ငှားရတဲ့အိမ်ကျတော့လည်း မတက်နိုင်လို့ အခုတော့ ဘယ်လိုလုပ်ရမှန်းကို မသိတော့ဘူး၊ ဘယ်မှာနေရမလဲလို့လည်း စဥ်းစားလို့ မရဘူး၊ စိတ်ဆင်းရဲတာပဲသိတော့တယ်၊ စီးပွားရေးကလည်း အဆင်မပြေဘူး”လို့ အိမ်ဖျက်သိမ်းခံရတဲ့အထဲပါတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

အခုဖျက်သိမ်းခံရတဲ့ နေအိမ်တွေကို အခုလ (၁၉) ရက်မှာ မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးရုံးက သုံးရက်အတွင်း အပြီးဖျက်သိမ်းပြောင်းရွှေ့ပေးဖို့ စာပေးပို့အကြောင်းကြားလာတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတွေဘက်က ဖျက်သိမ်းဖို့နဲ့ နေစရာရှာဖွေဖို့ အချိန်မလုံလောက်တာကြောင့် သက်ဆိုင်ရာကို ညှိနှိုင်းခဲ့တဲ့အတွက် ဖျက်သိမ်းဖို့ ယာယီဆိုင်းငံ့ပေးတယ်လို့ သတင်းထွက်ခဲ့ပေမယ့် ဒီကနေ့မှာတော့ စစ်ကောင်စီ လက်အောက်ခံတွေ ရောက်လာပြီး အင်အားသုံး ဖျက်သိမ်းခဲ့ကြတာလို့လည်း ဒေသခံတချို့ကပြောပါတယ်။

“အခုဖျက်တာ အိမ်ခြေ ၅၀ နီးပါးရှိတယ်၊ ဒီနေ့မနက် ၈ နာရီလောက်ကတည်းက ဖျက်နေတာ၊ ပထမတော့ ယာယီဆိုင်းငံ့ဖို့ ညှိကြသေးတယ်လို့ကြားတယ်၊ မရတဲ့အဆုံး အဖျက်ခံရတာနေမယ်” လို့ သမိုင်း (၁) ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

ဒေသခံတွေဟာ လက်ရှိဖျက်သိမ်းခံရတဲ့ ဘုရင့်နောင်ပွဲရုံ အနောက်ခြမ်းက မရမ်းကုန်း (၁) ရပ်ကွက် ဘောလုံးကွင်းအနီးမှာ နေထိုင်ခဲ့တာ နှစ်ပေါင်းနှစ်ဆယ်နီးပါးရှိပြီလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဒီကနေ့ မနက်ပိုင်းမှာပဲ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ သာကေတမြို့နယ်အစပ် လူနေရပ်ကွက်က နေအိမ်တချို့ကိုလည်း ကျူးကျော်လို့ဆိုကာ အင်အားအများအပြားနဲ့ ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ လက်ရှိ ၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်မြို့မှာ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပနဲ့ မရမ်းကုန်းမြို့နယ်တွေအတွင်းက လူနေအိမ်သောင်းနဲ့ချီကို ကျူးကျော်တွေလို့ဆိုကာ ဖိအားပေး ဖျက်သိမ်း ရှင်းလင်းခဲ့ပါတယ်။