ဗိုလ်တထောင်မှာ လူငယ်လေးဦး ပစ်ခတ်ဖမ်းဆီးခံရပြီး တဦးသေဆုံးတယ်လို့ဆို

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားအရှေ့၊ ကမ်းနားလမ်းပေါ်က လူကူးကုံး ကျော်တံတားအနီးမှာ ဒီကနေ့နိုဝင်ဘာ ၃၀ ရက်၊ မနက် ၁၁ နာရီဝန်းကျင်က လူငယ်လေးဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာမှာ တဦးသေဆုံးပြီး တဦးဒဏ်ရာရသွားတယ်လို့ ပစ်ခတ်မှုဖြစ်ရာ နေရာအနီး နေထိုင်သူတချို့က DNA ကို ပြောပါတယ်။

“အားလုံးပေါင်း လေးယောက်ပေါ့၊ တဦးက ခေါင်းထိသွားပြီး တံတားအဆင်းနားမှာပဲ သေသွားတယ်၊နောက်တဦးကကျတော့ ခြေထောက်ထိ သွားတယ်လို့ကြားတယ်၊ ကျွန်တော်တို့ကြည့်တဲ့အခါမှာတော့ ဘာမှမရှိတော့ဘူး။ သူတို့ကားနဲ့ပဲ တင်သွားကြတာလို့တော့ ပြောတယ်” လို့ ဗိုလ်တထောင်မြို့နယ်မှာ နေထိုင်သူတဦးက DNA ကိုပြောပါတယ်။

စစ်ကောင်စီတပ်က လူငယ်လေးဦးကို ဖမ်းဆီးဖို့အတွက် ကြိုတင်ပြင်ဆင်ထားပုံရှိပြီး လူငယ်တွေ လူကူးကုံးကျော်တံတားပေါ်အရောက်မှာ အခုလို ဖမ်းဆီးခံရတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။

“မသင်္ကာလို့ ဖမ်းတဲ့ပုံတော့ မဟုတ်ဘူး၊ စီစဥ်ပြီး ဖမ်းတာဖြစ်နိုင်တယ်၊ သူတို့က ကြိုပြီးရောက်နေတာ” လို့ ဗိုလ်တထောင်ဘုရားအနီးမှာ နေထိုင်သူတဦးက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူငယ်လေးဦးဟာ တော်လှန်ရေးအဖွဲ့ကဖြစ်ပြီး ဖမ်းဆီးခံရချိန်မှာ စစ်ကောင်စီတပ်သားတွေကို ပြန်လည်ရန်ပြုတိုက်ခိုက်တာကြောင့် ပစ်ခတ်ဖမ်းဆီးခံရတာလို့ စစ်အုပ်စုထောက်ခံတဲ့ လူမှုကွန်ရက်စာမျက်နှာတွေက ဝါဒဖြန့်နေသလို ပစ်ခတ်ခံရသူတွေဟာ သာမန်အရပ်သားပြည်သူတွေ ဖြစ်တယ်လို့ ရေးသားဖော်ပြတာတွေလည်း ရှိနေပါတယ်။

ပစ်ခတ် ဖမ်းဆီးခံရသူတွေဟာ တော်လှန်ရေးအင်အားစုဝင်တွေ ဟုတ်မဟုတ် DNA သတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို ရန်ကုန်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဘက်က ထုတ်ပြန်ပြောတာမျိုးလည်း မရှိသေးပါဘူး။