ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဦးထိန်လင်း ထောင်တစ်နှစ်စီချမှတ်ခံရ

Photo – Sarah Lee/Guardian/Eyevine

ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ဦးထိန်လင်းတို့ကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ်တနှစ်စီ ချမှတ်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။

ဗစ်ကီဘိုးမန်းနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ၊ ပန်းချီပညာရှင် ဖြစ်တဲ့ ဦးထိန်လင်းတို့ဟာ ဩဂုတ်လ ၂၄ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ နေအိမ်မှာ ဖမ်းဆီးခံရပြီးနောက် လ၀ကဥပဒေနဲ့ တရားစွဲခံခဲ့ရတာပါ။

ဗစ်ကီဘိုးမန်းဟာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်အဖြစ် ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဖြစ်ပြီး သူဟာ ရန်ကုန်အခြေစိုက် Myanmar Centre for Responsible Business (MCRB) အဖွဲ့ကိုလည်း လက်ရှိ ဦးဆောင်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အစောပိုင်းထုတ်ပြန်ချက်တခုမှာတော့ ဗစ်ကီဘိုးမန်းဟာ နိုင်ငံခြားသားတဦးအနေနဲ့ သူနေထိုင်မယ့်နေရာ အတိအကျကို သက်ဆိုင်ရာကို ကြိုတင် အကြောင်းကြားဖို့ ပျက်ကွယ်တယ်လို့ စွပ်စွဲပြီး လဝက အက်ဥပဒေပုဒ်မ ၁၃-၁ နဲ့ တရားစွဲခဲ့ပြီး ဦးထိန်လင်းကိုတော့ နိုင်ငံခြားသားတဦးအနေနဲ့ သူနေထိုင်မယ့် နေရာ အတိအကျကို သက်ဆိုင်ရာကို ကြိုတင် အကြောင်းကြားဖို့ ပျက်ကွက်တဲ့အတွက် လဝက အက်ဥပဒေပုဒ်မ ၁၃-၅ နဲ့ စွဲဆိုခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက် ဗြိတိန်အစိုးရနဲ့ စစ်ကောင်စီအကြား သံတမန်ရေးရာ အငြင်းပွားမှု အကြီးအကျယ် ဖြစ်ခဲ့ပြီးနောက်ပိုင်း ဗြိတိသျှ သံအမတ်ကြီးဟောင်းကို ဖမ်းဆီးအရေးယူတာဟာ ဗြိတိန်နိုင်ငံအပေါ်သံတမန်ရေးအရ အကြပ်ကိုင်ဖို့ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်းရှိတယ်လို့ Myanmar Now သတင်းဌာနက ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ လူသိရှင်ကြားတောင်းဆိုတဲ့ လန်ဒန်မြို့က မြန်မာသံအမတ်ကို အရေးယူပေးဖို့ တောင်းဆိုရာမှာ ဗြိတိန်အစိုးရက လိုလိုလားလား ဆောင်ရွက်မပေးတဲ့ အပေါ် စစ်ကောင်စီဘက်က မကျေမနပ်ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးခန့်အပ်ရေးနဲ့ ပတ်သက်ပြီး လူသိရှင်ကြား အငြင်း ပွားမှုလည်း ဖြစ်ခဲ့ပါတယ်။

ဗြိတိသျှအစိုးရက သံရုံးယာယီတာဝန်ခံအဖြစ် Pete Vowles ကို စေလွှတ်ရာမှာ စစ်ကောင်စီက မခံမရပ်နိုင်ဖြစ်ကာ လအတန်ကြာ ပြည်ဝင်ခွင့်မပေးခဲ့ပါဘူး။

အာဏာသိမ်းစစ်ကောင်စီဆီကို သံတမန်ခန့်လွှာ မပေးလိုဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ Pete Vowles ကို စစ်ကောင်စီက နိုင်ငံတွင်းကနေ မောင်းထုတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။