ဂန့်ဂေါမှာ ဆယ့်နှစ်ရက်အတွင်း စစ်တပ်က ရှစ်ဦးသေ၊ ၃၁ ဦးဒဏ်ရာရ

Photo – Google

ဂန့်ဂေါမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်လို့ ဆယ့်နှစ်ရက်အတွင်း ရှစ်ဦးသေပြီး (၃၁) ဦးဒဏ်ရာရခဲ့တယ်လို့ ယောဒေသပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ယောလေးက DNA ကိုပြောပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ဩဂုတ် (၁၈) ရက်ကနေ (၂၉) ရက် အထိ တိုက်ပွဲရှစ်ကြိမ်ဖြစ်ပွားခဲ့တာပါ။ အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို အရှင်ဖမ်းမိခဲ့တယ်လို့လည်း သိရပါတယ်။

“ကျနော်တို့အနေနဲ့တော့ ခုချိန်ထိပျောက်ကြားစနစ်နဲ့ပဲ တိုက်ခိုက်နေရဆဲဖြစ်တယ်” လို့ ရဲဘော်ယောလေးက ပြောပါတယ်။

ဂန့်ဂေါမြို့ပေါ်ကနေ မြို့နယ်တောင်ပိုင်း လက်ပန်ကျေးရွာဘက်ကို သြဂုတ် (၁၈) ရက်နဲ့ (၁၉) ရက်နေ့တွေမှာ စစ် ကြောင်းထိုးလာတဲ့ စစ်တပ်ကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံး၊(၁၆) ဦးဒဏ်ရာရပြီး တဦးကို အရှင်ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ကလေးဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို သြဂုတ် (၂၀) ရက်ကနေ (၂၉) ရက်အတွင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်တာမှာတော့ စစ်ကောင်စီဘက်က နှစ်ဦးသေပြီး (၁၅) ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီသေဆုံး ဒဏ်ရာရမှု စာရင်းတွေဟာ မြေပြင်က အတည်ပြုချက်ရယူပြီးမှ ပြုစုထုတ်ပြန်ထားတာဖြစ်တယ်လို့ ရဲဘော်ယောလေးက ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို YPDF၊ Gangaw PDF ၊ YDF၊ KKG၊ နဂါးညီနောင် ပ.က.ဖ အဖွဲ့၊ ABSDF (ယောဒေသ) တို့နှင့် ဒေသခံတွေ ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေအတွင်း ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့ဘက်ကလည်း နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ YPDF က ထုတ်ပြန်ထားပါတယ်။

Delta News

Read Previous

ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဦးထိန်လင်း ထောင်တစ်နှစ်စီချမှတ်ခံရ

Read Next

ကလေးမြို့မှာ လက်နက်ကိုင်တွေက အမျိုးသားတစ်ဦးကို သေနတ်ထောက်ပြီး ဖမ်းခေါ်သွား