ရခိုင်တောင်ပိုင်းမြို့နယ်တခုကို ပထမဆုံးသိမ်းပိုက်နိုင်တော့မယ့် AA

ဇူလိုင်၊ ၁၂

ရခိုင်မြောက်ပိုင်းမြို့နယ်အများစုကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် (AA) က တောင်ပိုင်းဒေသမှာ ပထမဆုံးမြို့တမြို့ကို သိမ်းပိုက်နိုင်ဖို့ အလားအလာကောင်းနေပါတယ်။

နာမည်ကျော်ခရီးသွားဒေသ ငပလီကမ်းခြေတည်ရှိတဲ့ ရခိုင်တောင်ပိုင်းသံတွဲမြို့နယ်ကို ထိုးစစ်ဆင်နေတဲ့AAက  နောက်ဆုံး လက်ကျန်တပ်ရင်းဖြစ်တဲ့ ငပလီမြို့ အခြေစိုက် ခလရ (၅၅) ကိုဇူလိုင်လ (၉) ရက်မှာအပြီးသိမ်းပိုက်ခဲ့ပါတယ်။

အဲဒီ တိုက်ပွဲအတွင်း  စစ်အသုံး အဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်း ရမိခဲ့တယ်လို့လည်းAAကထုတ်ပြန်ထားတာပါ။

သံတွဲအခြေစိုက်တပ်ရင်းတစ်ခုဖြစ်တဲ့  ခမရ (၅၆၆) ကိုတော့ ဇွန်လ (၂၇) ရက်မှာ အလုံးစုံသိမ်းပိုက်ထားတာဖြစ်ပါတယ်။

 ထွက်ပြေးလွတ်မြောက်နေသူတွေ၊ စစ်ကူလာသူတွေနဲ့ သံတွဲမြို့ထဲမှ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့တွေဟာ သံတွဲမြို့ နဲ့အနီး ပတ်ဝန်းကျင်ကနေ ခုခံစစ်တွေ ပြင်ဆင်နေတာကြောင့် သံတွဲမြို့တစ်ခုလုံးအား အပြီးသတ် သိမ်းပိုက် ရယူနိုင်မယ့် ထိုးစစ်တွေကို ဆက်လက်ဆင်နွှဲရအုံးမှာ ဖြစ်တယ်လို့လည်းAAကဆိုပါတယ်။

သံတွဲမြို့နယ်မှာ စစ်ကောင်စီဖက်က ခလရ၅၅နဲ့ ခမရ၅၆၆အခြေစိုက်တပ်တွေနဲ့ မောင်ရွှေလေးရေတပ်စခန်းတို့ရှိပါတယ်။ လက်ရှိမှာတော့ AAက သံတွဲအခြေစိုက်စစ်ကောင်စီတပ်ရင်းနှစ်ခုလုံးကိုသိမ်းပိုက်ထားနိုင်လို့ ရေတပ်စခန်းနဲ့ မြို့ပေါ်နဲ့အနီးဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့တချို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

ဒါ့အပြင် သံတွဲတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က တပ်မ၁၀၁အပါအဝင် တပ်ရင်း၁၅ရင်းလောက် စစ်ကူလာပေးခဲ့ပေမာ့် အဲဒီ့တပ်တွေအားလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့တယ်လို့AAကဆိုပါတယ်။

ဒေသတွင်းစစ်ရေးစောင့်ကြည့်သူတွေကတော့ မကြာခင်ကာလအတွင်း AAကရခိုင်တောင်ပိုင်းပထမဆုံးမြို့အဖြစ်သံတွဲကိုသိမ်းပိုက်နိုင်တော့မယ်လို့သုံးသပ်ပါတယ်။

ရခိုင်တောင်ပိုင်းသုံးမြို့နယ်မှာ သံတွဲနဲ့တောင်ကုတ်ကိုAAကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ သံတွဲနဲ့မိုင်၈၀လောက်အကွာရခိုင်တောင်ဖက်အစွန်ဆုံးနဲ့ဧရာဝတီတိုင်းအစပ်ကဂွမြို့နယ်မှာလည်းAAဝင်တိုက်ခိုက်မယ့်သတင်းတွေကြောင့် စစ်ကောင်စီဖက်က ခုခံစစ်ပြင်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ရှစ်လနီးပါး ကြာမြင့်လာတဲ့တကျော့ပြန်တိုက်ပွဲအတွင်းမှာ AAက ရခိုင်မြောက်ပိုင်းနဲ့အလယ်ပိုင်းက မြို့နယ်ကိုးခုအပြင်ချင်းတောင်ပိုင်းပလက်ဝမြို့နယ်ကိုပါ သိမ်းပိုက်ထားတာပါ။

ဒါ့အပြင်လတ်တလောမြို့သိမ်းတိုက်ပွဲထိုးစစ်ဆင်နေတဲ့အနောက်ဖက်အစွန်းဆုံးမောင်တောမြို့နယ်မှာလည်း စစ်ကောင်စီရဲ့  နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၅) မြို့သူကြီးစခန်းကို ဆက်လက်တိုက်ခိုက်နေပြီး

စစ်ကောင်စီဘက်မှလည်း မောင်တောမြို့အား မဆုံးရှုံးရရေးအတွက်မြို့တွင်းမှနေပြီး  ခုခံစစ်ဆင်ပြင်နေတယ်လို့AAကထုတ်ပြန်ထားပါတယ်။