တရုတ်ဖိအားကြောင့် ထိုင်းနယ်စပ်ကို ရွှေ့လာတဲ့ အွန်လိုင်း လိမ်လည်မှု ဒုစရိုက်ဂိုဏ်းများ (ဘာသာပြန်ဆောင်းပါး)

ဧပြီ ၊ ၂၄

မြန်မာနိုင်ငံဟာ ပုံမှန်အားဖြင့်တော့ တရုတ် ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှမှာ အခြေစိုက်ပြီး လုပ်ငန်းလည်ပတ်ဖို့ အဓိက ပင်မ ရင်းမြစ်နယ်မြေ တခုအဖြစ် အမြဲတမ်း ယူဆ ခံရလေ့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီဂိုဏ်းတွေက အမြဲတမ်း နေရာ အတည်တကျ အခြေချနေဖို့ ဘယ်တော့မှ တွေးမှာ မဟုတ်ပါဘူး။ သူတို့ အကာအကွယ် ယူထားတဲ့ အရင်းအမြစ်တွေ ပြိုလဲလာပြီဆိုတဲ့ အန္တရာယ် အငွေ့အသက်မျိုး ခံစားမိလာတာနဲ့ ပြည်တွင်းမှာဖြစ်စေ၊ ပြည်ပကိုဖြစ်စေ ရွှေ့ပြောင်း အခြေစိုက်ဖို့ အသင့်ပြင်ထားတတ်ကြပါတယ်။

အခု ရက်ပိုင်းအတွင်း တရုတ် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေဟာ သူတို့ကို ကာကွယ်ပေးထားတဲ့ လုံခြုံရေး ကွန်ရက်တွေ အက်ကြောင်းထင်လာတဲ့ အခြေအနေကို ထပ်ကြုံလာရပြန်ပါပြီ။ ဒီတကြိမ်အတွက် အဓိက အကြောင်းရင်းတွေကတော့ အဂတိတွေ လှိုက်စားနေတဲ့ အာဏာသိမ်း မြန်မာစစ်တပ်ဟာ အရှိန်မြင့်လာတဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေရဲ့ ဘက်ပေါင်းစုံ ထိုးနှက်ချက်တွေကြောင့် ယိုင်နဲ့လာတာအပြင် တရုတ် အာဏာပိုင်တွေဆီက ပိုမိုပြင်းထန်တဲ့ ဖိအားပေးမှုတွေ ရှိလာတာတွေပါပဲ။

တရုတ် တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတွေကြောင့် တရုတ်နဲ့ နယ်စပ်ဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အခြေစိုက်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း အများအပြားဟာ ထိုင်းနဲ့ နယ်စပ် ထိစပ်နေရာ ကရင်ပြည်နယ်ဖက်ကို တက်သုတ်ရိုက် ရွှေ့ပြောင်းကုန်ကြပါပြီ။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အခြေစိုက်တဲ့ ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေ အပါအဝင် အွန်လိုင်း လိမ်လည်မှုတွေမှာ ပါဝင် အလုပ်လုပ်နေသူ ၄၅၀၀၀ လောက်ဟာ ကရင်ပြည်နယ်ဖက် နယ်စပ်ဧရိယာတွေဆီ တအုံတမကြီး ရွှေ့ပြောင်းသွားတဲ့ အကြောင်းနဲ့ အကျိုးအမြတ် များပြားလှတဲ့ အဲဒီ ဒုစရိုက် လုပ်ငန်းတွေမှာ မြန်မာစစ်တပ်ရဲ့ ဆက်စပ် ပါဝင်နေမှု အကြောင်းတွေက တရုတ်ဆီ ထောက်လှမ်းရေး သတင်းတွေ ဆက်တိုက် ဝင်ရောက်နေခဲ့ပါတယ်။

ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေကို ဖမ်းဆီးပေးဖို့ စစ်တပ်ကို တရုတ် အစိုးရက ဖိအားပေး တောင်းဆိုလာတဲ့ အခါမှာတော့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေ အရှက်ရစရာ ဖြစ်လာသလို တရုတ် ဒုစရိုက်ဂိုဏ်းတွေအတွက် စစ်အာဏာရှင်က အကာအကွယ် ပေးထားနိုင်စွမ်း ဆုတ်ယုတ် ကျဆင်းသွားပြီ ဆိုတာကိုပါ မြင်သာလာစေခဲ့ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းက ကိုးကန့်ဒေသမှာ လုပ်ငန်းလည်ပတ်ဖို့ အဆင်မပြေတော့တဲ့နောက် တချို့ တရုတ် ဒုစရိုက် ဂိုဏ်းတွေဟာ လာအိုနဲ့ ကမ္ဘောဒီးယားတို့လို နိုင်ငံတွေဆီ ရွှေ့ကုန်ကြပါတယ်။ တချို့ကတော့ မြန်မာနိုင်ငံထဲမှာပဲ နေရာပြောင်းပြီး ဖက်တွယ်နေဆဲပါပဲ။ တချို့ ဂိုဏ်းတွေက ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)နဲ့ အမျီုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA)တို့ရဲ့ ထိန်းချုပ် နယ်မြေတွေထဲမှာ ဆက်လက် လုပ်ငန်း လည်ပတ်နေပါတယ်။

ဒါပေမဲ့ အများစုကတော့ ထိုင်းနိုင်ငံနဲ့ ထိစပ်နေရာ ကရင်ပြည်နယ် အစွန်အဖျား ဧရိယာတွေဆီ ရွှေ့ပြောင်းကုန်ကြပါတယ်။ ကရင် နယ်ခြားစောင့်တပ် (BGF)ဟာ သူတို့ရဲ့ ရပ်တည်မှုကို အာဏာသိမ်း စစ်တပ်နဲ့ ခပ်ကင်းကင်း အဆက်ဖြတ်ဖို့ ရွေးချယ်လိုက်ခြင်းက ဒုစရိုက် အင်ပါယာတွေကို ပိုပြီး ကောင်းမွန်တဲ့ အကာအကွယ်မျိုး ပံ့ပိုးပေးနိုင်မယ်ဆိုတဲ့ ပုံရိပ်မျိုးကို ထင်ဟပ်လာစေပါတယ်။

အဲဒီ နေရာအရွှေ့အပြောင်းတွေနဲ့ တိုက်ဆိုင်ပြီး ထိုင်းနယ်စပ်နားမှာ လက်နက်ကိုင် ပဋိပက္ခတွေကလည်း ပိုမို အရှိန်မြင့်တက်လာပါတယ်။ တချို့သော ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေက သူတို့နဲ့ ဆက်စပ်နေတဲ့ ဒုစရိုက် လုပ်ငန်းတွေအတွက် စစ်တပ်ဟာ ကူညီ ကာကွယ်ပေးနိုင်ဖို့ ဆိုတာထက် ပြဿနာတွေ ဖြစ်လာစေမယ့် အရင်းအမြစ် တခုလို့ ပိုပြီး ရှုမြင်လာကြပါတယ်။ အံ့ဩစရာ ကောင်းတာက တရုတ်နဲ့ ထိုင်းအာဏာပိုင်တွေဆီကနေ အခု လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အင်တိုက်အားတိုက် စိန်ခေါ် ဆန့်ကျင်လာတဲ့ အရိပ်အယောင်မျိုးတွေ သိပ်မတွေ့ရသေးခြင်းပါပဲ။ ကရင် လက်နက်ကိုင် အင်အားစု တချို့ကလည်း အဲဒီ ဒုစရိုက်ဂိုဏ်းတွေကို အတိအလင်း ကာကွယ်ပေးထားပြီး တရုတ်ရော၊ ထိုင်းကိုပါ အာခံတဲ့ အခြေအနေ ဖြစ်နေပါတယ်။

အဲဒီ နယ်စပ် အခြေစိုက် ဒုစရိုက် လှုပ်ရှားမှုတွေဟာ အမေရိကန် နိုင်ငံသားတွေကိုပါ ပိုမို ပစ်မှတ်ထားလာခြင်းနဲ့အတူ အမေရိကန် အစိုးရဟာ မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံတွေကြား နိုင်ငံစုံ ပူးပေါင်းပါဝင်တဲ့ အထူးအဖွဲ့မျိုး ပေါ်ထွန်းလာအောင် တွန်းအားပေး တိုက်တွန်းသင့်နေပါပြီ။ အဲဒီ အဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ ကရင်ပြည်နယ်မှာ ခိုလှုံရင်း နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုတွေ ကျူးလွန်နေတဲ့ ဂိုဏ်းဂဏတွေရဲ့ လှုပ်ရှားမှုတွေကို ဖြတ်တောက်နိုင်ရေးအတွက် ဦးတည်သင့်ပါတယ်။

အမေရိကန် ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (USIP)ရဲ့ အစောပိုင်း အစီရင်ခံ ဖော်ပြချက် တခုမှာတော့ ၂၀၂၃ ခုနှစ် မေလကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း နယ်စပ်တလျှောက် ကိုးကန့်၊ မိုင်းလာနဲ့ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ အခြေစိုက်တဲ့ ငွေကြေးလိမ်လည်မှု ဒုစရိုက် ဂိုဏ်းတွေကို တရုတ်က ဖိဖိစီးစီး တုံ့ပြန် နှိမ်နင်းလာခဲ့ကြောင်း ပါရှိခဲ့ပါတယ်။

တရုတ် တရားဥပဒေ စိုးမိုးရေး အရာရှိတွေဟာ စစ်တပ်ရဲ့ နယ်ခြားစောင့်တပ် (BGF)တွေနဲ့ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (EAO)တွေကိုပါ ထိန်းချုပ် နယ်မြေတွေထဲ တရုတ် ဒုစရိုက်ဂိုဏ်းတွေကို လက်ခံပြီး လုပ်ငန်း လည်ပတ်ခွင့် ပေးထားတာတွေကို ရပ်ဆိုင်းစေဖို့ ဖိအားပေးခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေ ခံနေရတဲ့ တရုတ်နိုင်ငံသား အများအပြားလည်း ပြန်လွတ်လာပါတယ်။

တရုတ်ရဲ့ ဖိအားပေးမှုတွေဟာ မြန်မာ့ ပြည်တွင်းရေး အရှုပ်အထွေးတွေ အပေါ်မှာလည်း တိုက်ရိုက် သက်ရောက်မှုတွေ ရှိလာစေပါတယ်။ ကိုးကန့်တပ်ဖြစ်တဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)ဟာ အဲဒီ အခြေအနေကို အခွင့်ကောင်းယူ၊ တခြားသော စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး ရည်မှန်းချက် ကြီးမားတဲ့ ထိုးစစ်တစ်ခုကို အကောင်အထည် ဖော်ခဲ့တယ်။ အကျိုးဆက်ကတော့ ကိုးကန့် ဒေသမှာ ငွေလိမ်ဂိုဏ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဦးစီး လုပ်ကိုင်နေတဲ့ ပြိုင်ဘက် ကိုးကန့် BGFကို တိုက်ထုတ်လိုက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

တရုတ်နဲ့ နီးစပ်မှုရှိတဲ့ MNDAAရဲ့ စစ်ရေး အောင်မြင်မှုဟာ နောက်ထပ် လပိုင်းအတွင်း မြန်မာနိုင်ငံရဲ့ နယ်စပ်တွေမှာ EAOတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်း ပေါင်းစုံက အာဏာသိမ်း စစ်တပ်ရဲ့ အခြေစိုက် စခန်းတွေကို အချိတ်အဆက်မိမိ တိုက်ခိုက်ပြီး နယ်မြေတွေ ထိန်းချုပ်လာတဲ့ မဟာဗျူဟာ စစ်ဆင်ရေးတွေရဲ့ အစလည်း ဖြစ်လာတယ်။ လက်ရှိ အချိန်မှာတော့ အရင်တုန်းက စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့တဲ့ ရာနဲ့ချီတဲ့ စစ်စခန်းတွေဟာ တော်လှန်ရေး အင်အားစုတွေရဲ့ သိမ်းပိုက်ခြင်းကို ခံခဲ့ရပါပြီ။ နိုင်ငံ အနောက်ဖျားက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေနဲ့ ဆက်သွယ်ရာ နယ်စပ်ဂိတ်တွေ အားလုံးဟာ ဒေသခံ EAOတွေ လက်ထဲ ကျရောက်ကုန်ပါပြီ။ နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းကို ကြည့်ရင်လည်း ထိုင်း၊ တရုတ်တို့နဲ့ ဆက်သွယ်ထားတဲ့ နယ်ခြား ကုန်သွယ်ရေးစခန်းတွေကို စစ်တပ်က ဆက်တိုက် လက်လွှတ်ခဲ့ရပါတယ်။

လတ်တလောမှာတော့ တရုတ်ဟာ ကိုးကန့်က ငွေကြေးလိမ်လည်မှု ဒုစရိုက် ဂိုဏ်းတွေနဲ့ မြန်မာ စစ်တပ် ထိပ်ပိုင်း အရာရှိတွေကြားက ဆက်နွှယ်မှုတွေကို အာရုံစိုက် ဖော်ထုတ်နေတယ်။ ကျားဖြန့်လို့ခေါ်တဲ့ အဲဒီ ငွေလိမ်ဂိုဏ်းတွေကို အဓိက ဦးစီးခဲ့တဲ့ ကိုးကန့် BGF ခေါင်းဆောင်တွေကို ဖမ်းဆီးရမိပြီးတဲ့နောက် စစ်ဆေးမေးမြန်းရင်း ပေါ်ပေါက်လာတဲ့ ကြံရာပါ အရာရှိတွေကို ဖမ်းဆီးပေးဖို့ တရုတ်က အာဏာသိမ်း မြန်မာစစ်တပ်ကို ဖိအားပေးလာပါတယ်။

ကရင်ပြည်နယ်ဖက် အခြေအနေကို ကြည့်ရင်တော့ မြဝတီမြို့နယ်ထဲက ငွေလိမ်ဂိုဏ်း ခြံဝင်းကြီးတွေထဲမှာ ဖမ်းဆီး ခံထားရတဲ့ တရုတ်နိုင်ငံသား ၉၀၀ ကျော်ကို ပြန်ကယ်ထုတ်နိုင်ဖို့အတွက် တရုတ်ဟာ မြန်မာစစ်တပ်နဲ့ ထိုင်းအာဏာပိုင်တွေကို နီးနီးကပ်ကပ် ဆက်သွယ်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်နဲ့ အနေအထားခြင်း မတူတာက အဲဒီမှာတော့ ဒုစရိုက်ဂိုဏ်းတွေကို တရုတ်က တိုက်ရိုက် ဖြိုခွင်းတာမျိုး မလုပ်နိုင်သလို တရုတ်ကို ထိခိုက်နစ်နာစေတဲ့ ဒုစရိုက် ဂိုဏ်းတွေနဲ့ ဆက်စပ်နေတဲ့ ကရင် BGFနဲ့ တခြား ပြည်သူ့စစ် ခေါင်းဆောင်တွေကိုလည်း ဝရမ်းထုတ် ဖမ်းဆီးနိုင်တာမျိုး မရှိပါဘူး။

တရုတ် နယ်စပ်နားမှာ အခြေစိုက်တဲ့ ဒုစရိုက်ဂိုဏ်းတွေရဲ့ ဌာနချုပ်တွေ ပိတ်သိမ်းခဲ့ရပြီး နောက်ဆက်တွဲအဖြစ် ထိုင်းနဲ့ နယ်စပ်တလျှောက်မှာ အဲဒီလို ခြံဝင်းတွေက နေ့ချင်းညချင်း ပိုမို ထူထပ် များပြားလာတာကို တွေ့ရပါတယ်။ ကိုးကန့်က ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေနဲ့ မြန်မာစစ်တပ်ကြားက ဆက်နွှယ်မှုတွေနဲ့ ပတ်သက်လို့ တင်းတင်းမာမာ ဖိအားပေးခဲ့တဲ့ တရုတ် အစိုးရဟာ စောချစ်သူ ဦးဆောင်တဲ့ ကရင်BGFနဲ့ စစ်တပ်ကြားက အလားတူ ပတ်သက်မှုတွေနဲ့ ပတ်သက်ရင်တော့ ပိုမို သတိကြီးကြီးထားပြီး ချဉ်းကပ်နေဟန်မျိုး တွေ့ရပါတယ်။ သူဟာ နယ်စပ်မှာ တရုတ် ဒုစရိုက်ဂိုဏ်းတွေကို ပျော်ပျော်ကြီး လက်ခံပြီး ကာကွယ် စောင့်ရှောက်ပေးထားတဲ့ ကရင် BGFရဲ့ အဓိက ခေါင်းဆောင် ၃ ဦးထဲမှာ ပါဝင်ပါတယ်။

၂၀၁၀ ပြည့်နှစ်ကစလို့ မြန်မာ စစ်တပ်ရဲ့ လမ်းညွှန်မှုနဲ့အတူ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် တပ်မတော် (DKBA)ဟာ ကရင်BGFရဲ့ အစိတ်အပိုင်းအဖြစ် ဆက်စပ် ပါဝင်လာတယ်။ ၂၀၂၄ နှစ်ဆန်းပိုင်းမှာတော့ ကရင်BGFဟာ မြန်မာ စစ်တပ်ရဲ့ ဩဇာခံအဖြစ် ရပ်တည်မှုကနေ အဆက်ဖြတ်လိုက်ပါတယ်။ ကရင် BGFက မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းတွေမှာ ကြားနေချင်တာကြောင့်လို့ အကြောင်းပြချက် ပေးပြီး စစ်တပ် လက်ဝေခံ အနေနဲ့ မရပ်တည်တော့ဘဲ ကရင် အမျိုးသား တပ်မတော် (KNA)အဖြစ် နာမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့လည်း စောချစ်သူရဲ့ KNA တဖြစ်လဲ BGFဟာ လက်တွေ့မှာတော့ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ကဏ္ဍတချို့မှာ ဆက်ပြီး ပတ်သက်မှု ရှိနေဆဲပါ။ ဥပမာ မတ်လကုန်တုန်းက ထိုင်းကနေ လူသားချင်း စာနာမှု အထောက်အပံ့တွေ နယ်စပ်ဖြတ်ကျော် တင်ပို့ရာမှာ BGFက အရေးပါတဲ့ အခန်းကဏ္ဍမျိုးကနေ ကြားဝင် လှုပ်ရှားပေးခဲ့တာကို မြင်နိုင်ပါတယ်။

မြန်မာစစ်တပ်ရဲ့ အင်အား ဆုတ်ယုတ်လာမှုတွေက ကရင်အမျိုးသား အစည်းအရုံး (KNU)ရဲ့ လက်နက်ကိုင် အင်အားစုဖြစ်တဲ့ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)ကိုလည်း အခွင့်အရေးကောင်းတွေ ဖန်တီးပေးလာခဲ့ပါတယ်။ KNLA ဦးဆောင်တဲ့ မဟာမိတ် တပ်ဖွဲ့တွေဟာ ဧပြီလဆန်းကစလို့ စစ်တပ် ထိန်းချုပ်ထားရာ မြဝတီမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ ဧပြီလလယ်ထိ အခြေအနေအရ KNLAဟာ မြဝတီမှာရှိတဲ့ စစ်တပ်ရဲ့ အဓိက စစ်စခန်းကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး နယ်စပ် စီမံခန့်ခွဲရေးနဲ့ မြို့နယ် အုပ်ချုပ်ရေး စနစ်တွေ အသက်သွင်းမယ့် ရည်ရွယ်ချက်ကိုလည်း ဧပြီ ၁၄ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

KNAဟာ အခု စစ်မက်ရေးရာ ပဋိပက္ခမှာ တိုက်ရိုက် မပါဝင်ပေမယ့်လည်း BGFရဲ့ သဘောတူညီမှုနဲ့မှ အဆင်ပြေနိုင်မယ့် ထောက်ပံ့ပို့ဆောင်ရေးနဲ့ မဟာဗျူဟာရေးရာ အကူအညီတွေ စစ်တပ်ဆီ ပေးအပ်ဖို့ကိုတော့ လက်ရှောင်ခဲ့ပါတယ်။ ဒါကြောင့်လည်း စစ်တပ်ရဲ့ တန်ပြန်ထိုးစစ် အစီအမံတွေကို အကောင်အထည် ဖော်ရာမှာ ကန့်သတ်ချက်တွေ ကြုံလာရပြီး ထုံးစံအတိုင်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေကိုပဲ အဓိက လုပ်ဆောင်နေရပါတယ်။ KNA တဖြစ်လဲ BGFဟာ ပဋိပက္ခကြောင့် ပြည်တွင်းမှာ ရွှေ့ပြောင်းရတဲ့ စစ်ရှောင် (IDP)တွေကို နေရာထိုင်ခင်း စီစဉ်ပေးတဲ့ ကိစ္စမျိုးတွေမှာ KNLAကိုတောင် အတိုင်းအတာ တခုထိ အကူအညီ ပေးခဲ့သလို KNLAက ဖမ်းဆီးရမိခဲ့တဲ့ မြန်မာစစ်သားတွေကို BGF စခန်းတွေထဲမှာ လက်လွှဲယူပြီး ထိန်းသိမ်းပေးထားတာမျိုးတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း စောချစ်သူဟာ မြဝတီက စစ်ရေး ပဋိပက္ခ အရှုပ်အထွေးတွေ ကြားထဲမှာ အဓိက အာရုံစိုက်ထားတာကတော့ သူ့ရဲ့ ဒုစရိုက် အင်ပါယာကို ပိုမို အခြေခိုင်မာအောင် ဆက်လက် အားဖြည့်ဖို့ပါပဲ။ အဲဒီ ရည်မှန်းချက်မှာ ဝန်ဆောင်မှု၊ လုံခြုံရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားတွေ အထောက်အပံ့ ရရှိရေး ဆိုတာမျိုးတွေ အဓိကကျနေပါတယ်။ ထိုင်းရော၊ တရုတ်ကပါ လောလောဆယ် သူနဲ့ တခြား BGF ခေါင်းဆောင် နှစ်ဦးကို ဒုစရိုက် လုပ်ငန်းတွေနဲ့ ဆက်စပ်ကြောင်း စွပ်စွဲပြီး အရေးယူမယ့် အခြေအနေမျိုး မပြသသေးပါဘူး။ အာဏာသိမ်း စစ်တပ် ကိုယ်တိုင်ကလည်း မြဝတီမှာ အစွမ်းအစမဲ့လာပြီ ဖြစ်တာကြောင့် တရုတ်က ဖိအားပေး ခိုင်းစေရင်တောင် ဒီကိစ္စမျိုးကို လုပ်နိုင်စွမ်း မရှိတော့ပါဘူး။

တရုတ် နယ်စပ်နားက အခြေအနေတွေနဲ့ ယှဉ်ကြည့်ရင် ကရင်ပြည်နယ်ထဲက အခြေအနေတွေက အကျိုးစီးပွားဆိုင်ရာ ရှုပ်ထွေးမှုတွေ အများကြီး ပိုနေတာကို တွေ့ရပါလိမ့်မယ်။ တရုတ်နယ်စပ်မှာက အဲဒီ ဒုစရိုက် လုပ်ငန်းတွေကို တရုတ်စကားပြောတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက အဓိက လုပ်ဆောင်ပြီး တရုတ်နိုင်ငံသားတွေက လွှမ်းမိုး ချုပ်ကိုင်ထားတယ်လို့ ယေဘုယျ သတ်မှတ်နိုင်ပါတယ်။ ကရင်ပြည်နယ်မှာကျတော့ ဒေသတွင်းရော၊ နိုင်ငံတကာကပါ ကွဲပြားတဲ့ ဆက်နွှယ်မှုတွေ ရှိနေပြီး တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေ ကြားဝင်နိုင်ဖို့ ပိုခက်ခဲတဲ့ အနေအထား ဖြစ်နေပါတယ်။ အကျိုးဆက်ကတော့ တရုတ်နိုင်ငံသား ဒုစရိုက် ကွန်ရက် ခေါင်းဆောင်တွေရော၊ နယ်မြေခံ ခေါင်းဆောင်တွေကပါ သူတို့ရဲ့ လုပ်ငန်းတွေကို ပိုပြီး စိတ်လွတ်ကိုယ်လွတ် ချဲ့ထွင်လို့ ရနေတာပါပဲ။

(USIP က ဖော်ပြပြီး Jason Tower နှင့် Priscilla A. Clapp တို့ရေးသားထားသည့် China Forces Myanmar Scam Syndicates to Move to Thai Borderဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်.)