မွန်တော်လှန်ရေးအဖွဲ့အစည်းနှစ်ခုနိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဖို့သဘောတူ

photo NMSP-AD

ဧပြီ၊ ၂၄

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီတို့ဟာ နိုင်ငံရေး၊ စစ်ရေးအပါအဝင် ကဏ္ဍအသီးသီးမှာ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ နှစ်ဖက်အဖွဲ့အစည်းတွေက မနေ့ ဧပြီလ ၂၃ ရက် ညပိုင်းမှာ သဘောတူညီ ထုတ်ပြန်လိုက်ပါတယ်။

“အဓိကတော့ကျွန်မတို့ရည်မှန်းချက်ပန်းတိုင်ချင်းတူညီကြတဲ့ အစုအဖွဲ့တွေ ဖြစ်ကြတဲ့အခါကျတော့ အများကြီးတော့ ညှိနှိုင်းခဲ့ရတာ မရှိဘူး” လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP-AD ပြောရေးဆိုခွင့်ရှိသူ မိရော့ချမ်းက DNA ကို ပြောပါတယ်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-ADနဲ့မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)တို့ဟာ အခုလ ၂၂ ရက်မှာ ပထမအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဲဒီဆွေးနွေးပွဲကို မွန်ပြည်ဖက်ဒရယ် ကောင်စီဝင် ၉ ဦး၊ မွန်ပြည်သစ်(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့က နိုင်ငံရေး၊ စစ်ရေး ဦးဆောင်အဖွဲ့ (၆)ဦး တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပထမအကြိမ်တွေ့ဆုံမှုကနေ NMSP-AD နဲ့ MSFC တို့အကြား နိုင်ငံရေး၊ စစ်ရေး၊ လူမှုကယ်ဆယ်ရေးအပါအဝင် အခြားကဏ္ဍအသီးသီးတို့မှာ ပူးပေါင်းအကောင်အထည်ဖော်ရမယ့် လုပ်ငန်းတွေကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး ပူးပေါင်းအကောင်အထည်ဖော်ရမယ့်လုပ်ငန်းမှာ နှစ်ဦးနှစ်ဖက် ဆက်လက်ဆွေးနွေးနိုင်ဖို့ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေမှာပဲ ကျွန်မတို့က လက်တွေ့ကျကျ ဘယ်ကဏ္ဍမှာ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်သွားနိုင်မလဲဆိုတဲ့အပေါ်မှာ အခြေအနေအချိန်အခါ လိုအပ်ချက်အပေါ်မှာ မူတည်ပြီး ဆက်လက်ညှိနှိုင်းသွားကြဖို့ ရှိပါတယ်” NMSP-AD ပြောရေးဆိုခွင့်ရှိသူ မိရော့ချမ်းက ပြောပါတယ်။

လက်ရှိ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လမ်းကြောင်းပွင့်သွားပြီးဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့မှ မွန်ပြည်နယ်အတွင်းက တော်လှန်ရေးအခင်းအကျင်းတွေကလည်း တော်လှန်ရေးအစုအဖွဲ့တွေအကြားမှာ ချိတ်ဆက်မှု အားကောင်းကောင်းနဲ့ ဆက်လက်ဆောင်ရွက်နိုင်မှာကို မျှော်လင့်တယ်လို့ သူမက ပြောပါတယ်။

ဒါ့အပြင် အဲဒီအစုအဖွဲ့နှစ်ခုဟာ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့အနေနဲ့ ဆက်လက်တွေ့ဆုံသွားကြမှာ ဖြစ်ပြီး လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ကနေတဆင့် ရရှိလာတဲ့ဆုံးဖြတ်ချက်လုပ်ငန်းတွေကို လူထုတွေကို အသိပေးထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ  အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးရေးလမ်းကြောင်းအတိုင်းသွားနေတဲ့ မိခင်ပါတီကနေ ခွဲထွက်ကာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုလ ၁ ရက်နေ့မှာလည်း မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)က နိုင်ငံရေး ရပ်တည်ချက်တွေကို ထုတ်ပြန်ခဲ့ပြီး မွန်တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နွေဦး တော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ အင်အားစုတွေနဲ့ပူးပေါင်းကာ စစ်အာဏာရှင်ကို တိုက်ခိုက်သွားမယ်လို့ ဆိုထားပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)အုပ်ချုပ်ရေးကော်မတီဥက္ကဌ နိုင်မွန်စိုင်းကတော့ မွန်ပြည်နယ်မှာ အခြားဒေသနဲ့ နှိုင်းယှဉ်ရင် တော်လှန်ရေးအရှိန် အားမကောင်းသေးတဲ့အတွက် အခုလို တဖွဲ့နဲ့တဖွဲ့ ယုံကြည်မှုတွေ တည်ဆောက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“တခြားဒေသနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကျွန်တော်တို့ဒေသမှာ တော်လှန်ရေးအရှိန်က သိမ့်မကောင်းလှနေဘူး၊ တပ်တွေ ကောင်းကောင်းရှိနေပေမယ့်လည်း Coordinate ကောင်းကောင်း မရှိသေးဘူး၊ အဲဒီအနေအထားအထိ ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်တယ်၊ အဲဒီအနေအထားမရောက်ခင် တဖွဲ့နဲ့ တဖွဲ့ကြား ယုံကြည်မှုတွေ တည်ဆောက်ဖို့ လိုတယ်၊ လုပ်ငန်းတချို့မှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်” လို့ သူက ပြောပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)က စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလမှာ ဖွဲ့စည်းပေါ်ပေါက်လာတဲ့ နိုင်ငံရေးအစုအဖွဲ့တခုဖြစ်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီမှာ ဌာနရှစ်ခုနဲ့ လည်ပတ်နေတာလည်း ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF၊ မွန်ပြည်လွတ်မြောက် ရေးတပ်မတော် MLA၊ မွန်ပြည်သစ်(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NUG လက်အောက်ခံပြည်သူ့ ကာကွယ်ရေးတပ်တို့အပြင် ဒေသအစိုက်ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ရှိနေပြီး စုစုပေါင်းတပ်ဖွဲ့ လေးဆယ်ထက်နည်းရှိတယ်လို့ သိရပါတယ်။

အဲဒီထဲမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)နဲ့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) တို့ စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားပြီး အချုပ်အခြာအာဏာနဲ့ပြည့်ဝတဲ့ မွန်ပြည်ထူ ထောင်နိုင်တဲ့အထိ မဟာမိတ်တပ်တွေအဖြစ် အတူတကွ ပူးပေါင်းတိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ထားပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ်(NRFF)မှ တာဝန်ခံ မင်းသံလွင်ကတော့ အခုလိုမျိုး  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုနဲ့အတူ စစ်ရေးနိုင်ငံရေးအရ အတူတကွ ပူးပေါင်းဆောင်ရွက်ရတာဟာ စစ်အာဏာရှင်တွေကို အမြန်ဆုံး အမြစ်ဖြတ်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒါက ပြည်သူတွေရဲ့ ဆန္ဒကို လေးစားအသိအမှတ်ပြုရာရောက်တယ်၊ စစ်ရေးကဏ္ဍတွေမှာ တော်တော်လေးအဆင်ပြေလာနိုင်မယ်၊ စုပေါင်းအားနဲ့ လိုတယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုအနေနဲ့ ပါဝင်လာတာ တော်လှန်ရေးအတွက် အများကြီးအထောက်အကူဖြစ်တယ်၊ စုပေါင်းအားနဲ့ဆိုရင် စစ်အာဏာရှင်ကို မြန်မြန်အမြစ်ဖြတ်နိုင်မှာ” လို့ သူက ပြောပါတယ်။