လင့်ခ်တွေတွေ့တိုင်း မနှိပ်မိပါစေနဲ့

ဇန်နဝါရီ၊ ၁၇
 
ခေတ်တွေက တဖြည်းဖြည်း ပြောင်းလာတာနဲ့ စာရွက်တွေကနေ တယ်လီဖုန်းခေတ်၊ အခုတော့ ဒစ်ဂျစ်တယ်ခေတ်ကို ရောက်လာတော့ ကမ္ဘာကြီးက ရွာကြီးတရွာလို ဖြစ်လာပါပြီ။
 
အရင်ကဆို လူလိမ်တွေက နယ်မြို့က တက်လာတဲ့သူတွေ၊ သိပ်မသိ၊ သိပ်နားမလည်တဲ့သူတွေကိုပဲ လှည့်စားလိမ်လည်ကြတာပါ။
 
အခုက နည်းပညာတွေတိုးတက်နေတဲ့ ဒစ်ဂျစ်တယ်ခေတ်ကနေ ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှာ ဘာတင်တင် အလိမ်ညာလေးထည့်ပြီးမှ တင်၊ အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေကို အခုမှ ထဖြစ်သလိုတွေ တင်နေကြတာ၊ ဒါကတပိုင်း။
 
ကျနော်ပြောချင်တာက အခုဆို လူမှုကွန်ရက် Facebook မှာ လူသိများတဲ့ အကောင့်တွေမှာဆို Link (လင့်ခ်) တွေလိုက်ပို့ပြီး သင့်ရဲ့အကောင့်ပျက်တော့မှာမို့လို့ Link ကိုနှိပ်ပါ ဆိုပြီး Facebook က ပို့သလိုလို လင့်ခ်တွေ အပို့ခံရတဲ့ ကိစ္စ။
 
ဒါက သိတဲ့သူအတွက်ဆို ကျော်သွားလို့ရပေမယ့် မသိတဲ့သူတွေတွက်ဆို ကိုယ့်ကွန်ပြူတာ၊ လက်ပ်တော့မှာ၊ ကိုယ့်အကောင့်မှာ ရှိသမျှ ကိုယ့်အချက်အလက်နဲ့ အရေးကြီးတာတွေ အကုန်ပါသွားနိုင်တယ်။
 
ဒီ Link ကို နှိပ်ကြည့်ချင်တယ်။ ဘာတွေဖြစ်သွားနိုင်လဲ။
 
လူတွေရဲ့သဘာဝအရ တခုခုဆို စူးစမ်းချင်တဲ့ သဘာဝအရ စမ်းသပ်ချင်ကြတာကို DNAရဲ့ Fact Check အဖွဲ့က နားလည်ပါတယ်။
 
ဆိုတော့ ကိုယ်တိုင်စူးစမ်းချင်တယ်ဆိုရင်တော့ အလွယ်တကူအနေနဲ့ Go၀gle Transparency Report မှာဝင်ပြီး ကိုယ့်ဆီကိုဝင်လာတဲ့ Link ကို မဝင်ဘဲ ကော်ပီယူပြီး အဲဒီWebsite မှာ စစ်ဆေးကြည့်လို့ရပါတယ်။
 
ကိုယ်ကိုယ်တိုင် အန္တရာယ်များလို့ မစစ်ချင်ဘူး။ ဒါပေမယ့် သိချင်တယ်ဆိုရင်တော့ DNA Fact Checkအဖွဲ့က စာဖတ်သူတွေကိုယ်စား စစ်ဆေးပေးပါမယ်။
 
အခုလက်ရှိ Facebook ပို့သလိုလို Link တွေကို အသုံးပြုသူတွေ တော်တော်များများရဲ့ အကောင့်တွေ၊ ချက်ဘောက်တွေနဲ့ ကိုယ့်အကောင့်နဲ့ ပါ့ဘလစ်လုပ်ထားတဲ့ အီးမေးလ်တွေ၊ ဖုန်းနံပါတ်တွေကို လိုက်ပို့နေတာပါ။
 
ဒါကြောင့် အဲ့ဒီ Link တွေကို ကိုယ်က နှိပ်မိလိုက်ခဲ့တယ်ဆိုရင် Username နဲ့ Password တောင်းတာမျိုးတွေ ရှိတာကြောင့် ကိုယ့်ရဲ့ အချက်အလက်တွေကို ယောင်မှားလို့တောင် မထည့်လိုက်မိပါစေနဲ့။
 
အလားတူပဲ တခြားဆိုရှယ်မီဒီယာမှာ ကိုယ်နဲ့မသိဘဲ ဖုန်းပေါက်တာတို့၊ ပိုက်ဆံမဲပေါက်တယ်ဆိုပြီး အချက်အလက်တွေ တောင်းတာမျိုးတွေ တွေ့ရင်လည်း ရှောင်ဖို့ သတိပေးပါရစေ။
 
အခု DNA Fact Check team ကနေ လိမ်လည် လှည့်ဖျားတတ်တဲ့ Link တွေကို ဘယ်လိုခွဲခြားပြီး ကာကွယ်ရမလဲ ဆိုတာကို ပြောပြပေးပါမယ်။
 
၁။ URL ကိုစစ်ဆေးပါ။ ကွန်ပျူတာ အသုံးပြုသူတွေဆိုရင် မောက်စ်က မြှားကို အဲဒီ Linkပေါ်မှာတင်ထားပါ (မနှိပ်မိပါစေနဲ့)၊ တခါတလေကျရင် လူလိမ်တွေက သူတို့ရဲ့ Linkက လိမ်တဲ့ Link မှန်း သိမှာစိုးလို့ လွဲမှားတဲ့စာသားတွေ အသုံးပြုတတ်ကြပါတယ်။
 
၂။ စာလုံးပေါင်းတွေနဲ့ ထူးဆန်းတဲ့ စကားလုံးအသုံးနှုန်းတွေကို ရှာပါ။ တရားဝင် Website တွေက များသောအားဖြင့် စကားစုတွေနဲ့ ထူးဆန်းတဲ့ စကားလုံးတွေ မပါဘဲ ဖွဲ့စည်းထားတာကြောင့်မလို့ပါ။
 
၃။ https ကို စစ်ဆေးပါ။ တရားဝင် Website တော်တော်များများက လုံခြုံရေးအတွက် https ကို အသုံးပြုကြပါတယ်။
 
၄။ Link URLအတိုကောက်တွေကို ရှောင်ပါ။ လူလိမ်တွေက သူတို့ရဲ့ အန္တရာယ်ရှိတဲ့ Link ကို ဖုံးဖို့ URL အတိုကောက်တွေကို အသုံးပြုတတ်ကြပါတယ်။ (ဒါကြောင့် URLအတိုကောက် Linkတွေဆိုရင် Link အရှည်အဖြစ်ပြောင်းပြီးမှ ကြည့်ပါ။
 
၅။ ကိုယ်နဲ့မသိတဲ့ အီးမေးလ်တွေ မက်ဆေ့ချ်တွေကို စောင့်ကြည့်ပါ။ မသိတဲ့သူတွေက ပို့လိုက်တဲ့ မက်ဆေ့ချ်တွေ၊ အီးမေလ်တွေ၊ လူမှုမီဒီယာပို့စ်တွေက Link တွေဆိုရင် သတိထားပါ။ ဆိုက်ဘာလူလိမ်တွေက အန္တရာယ်ရှိတဲ့ Linkတွေကို ဆိုရှယ်မီဒီယာ သုံးစွဲသူတွေ နိုင်အောင် လှည့်ဖျားတဲ့ စာအ‌ရေးအသားတွေ သုံးလေ့ရှိလို့ပါ။
 
၆။ Website အကြောင်းကို စစ်ဆေးပါ။ Linkတွေကို မနှိပ်ခင်၊ အဲဒီ Link ကို နှိပ်ဖို့ ရေးသားထားတဲ့ Website နဲ့ စာသားအရေးအသားတွေက ဖြစ်နိုင်ချေ ရှိ၊ မရှိ စဉ်းစားပါ။
 
သံသယဖြစ်စရာ အကြောင်းအရာဆိုရင် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကို လှည့်ဖြားဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။
 
၇။ လုံခြုံရေး ဆော့ဖ်ဝဲကို အသုံးပြုပါ။ ဗိုင်းရပ်စ်ပိုးဆန့်ကျင်တဲ့ ဆန့်ကျင်ရေးဆော့ဝဲလ်တွေကို အသုံးပြုပြီး ပုံမှန် Update လုပ်ပါ။ အဲဒီ ဆော့ဝဲလ်တွေက အန္တရာယ်ရှိတဲ့ Link တွေကို ဝင်တဲ့အခါမှာ တားမြစ်တာမျိုးနဲ့ ဆန့်ကျင်တာမျိုးတွေ ပြုလုပ်ပြီး ကူညီနိုင်ပါတယ်။
 
၈။ Pop-up windows ကို စစ်ဆေးပါ။ အထူးသဖြစ် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ တောင်းတဲ့ ထည့်သွင်းခိုင်းတဲ့ pop-up window တွေကို သတိထားပါ။ တရားဝင် Website တွေက pop-up တွေကနေပြီး အရေးကြီးတဲ့ အချက်အလက်တွေကို တောင်းမှာမဟုတ်ပါဘူး။
 
၉။ ဘရောက်ဆာ (Browser) လုံခြုံရေးအင်္ဂါရပ်တွေကို အသုံးပြုပါ။ နောက်ဆုံးပေါ် Update Browserတွေက အန္တရာယ်ရှိတဲ့ Link တွေနဲ့ ဝဘ်ဆိုက်တွေကို ရှာဖွေနိုင်ပြီး သတိပေးနိုင်တဲ့ လုံခြုံရေးအင်္ဂါရပ်တွေ ရှိတာကြောင့် Browser ကို Update လုပ်ဖို့ မမေ့ပါနဲ့။
 
လင့်ခ်တစ်ခုကို လိမ်လည်တဲ့လင့်ခ်၊ hack (အကောင့်ခိုးယူ)တဲ့ Link လို့ သင်သံသယရှိနေတယ်ဆိုရင် အဲဒီ Link ကို မနှိပ်နေလိုက်တာက ပိုလုံခြုံပါတယ်။
 
Link က လူသိများတဲ့ Website တွေ၊ ရင်းမြစ်တွေက ဖြစ်နေတယ်ဆိုရင် မနှိပ်ခင် ယုံကြည်ရတဲ့ ချန်နယ်တခုခုကနေ အဲဒီ Link က မှန်လားဆိုတာကို စစ်ဆေးဖို့ စဉ်းစားပါ။
 
Spam link တွေကို ခွဲခြားနိုင်ပြီး အကဲဖြတ်ပေးနိုင်တဲ့ အွန်လိုင်းဝန်ဆောင်မှု ကိရိယာတွေ ရှိပါတယ်။
 
DNA Fact Check အဖွဲ့ကနေ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေအတွက် Spam Link (လိမ်လည်လှည့်ဖြားတဲ့လင့်ခ်)တွေကို စစ်ဆေးပေးနိုင်တဲ့ ကိရိယာတွေကို ရှာဖွေတင်ဆက်ပေးပါမယ်။
 
၁။ Google Safe Browsing
 
Google Safe Browsing က သုံးစွဲသူတွေကို တရားဝင်ကုမ္ပဏီ ဟန်ဆောင်ထားတဲ့ အကောင့်တွေနဲ့ အန္တရာယ်ရှိတဲ့ Sofeware၊ Website တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ အန္တရာယ်ဖြစ်နိုင်ခြေ ရှိ၊ မရှိ သိနိုင်အောင်လို့ Google ရဲ့Safe Browsing Databaseနဲ့ Link တွေကို စစ်ဆေးနိုင်ပါတယ်။
 
– Website [Google Safe Browsing]
 
၂။ Virus Total
 
VirusTotal က ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေအတွက် ဖိုင်တွေနဲ့ URL တွေကို ခွဲခြမ်းစိတ်ဖြာပေးတဲ့ အခမဲ့ အွန်လိုင်းWebsite တခုဖြစ်ပါတယ်။ အဲဒီ Website က ကျယ်ကျယ်ပြန့်ပြန့်ခွဲခြမ်းစိတ်ဖြာပေးနိုင်အောင်လို့ အမျိုးမျိုးသော ဗိုင်းရပ်စ်စကင်နာတွေနဲ့ တခြားSoftware တွေကို စုစည်းထားတာပါ။
 
– Website [VirusTotal]
 
၃။ URLVoid:
 
URLVoid က အမည်ပျက်စာရင်းတွေ၊ Websiteတွေနဲ့ တခြားလိမ်လည်နိုင်တဲ့ အရာတွေအပြင် Link URL နဲ့ဆက်စပ်တဲ့ အန္တရာယ်ကို အကဲဖြတ်တဲ့ဝန်ဆောင်မှုတွေကို သွားရောက်မေးနိုင်ပြီး သိလိုတဲ့Website ရဲ့ ဘေးကင်းမှု ရှိမရှိကိုလည်း စစ်ဆးနိုင်ပါတယ်။
 
– Website [URLVoid]
 
၄။ PhishTank-
 
PhishTank က အန္တရာယ်ရှိတဲ့ Softwareတွေ၊ Website တွေကို ခြေရာခံတဲ့ Website တခုဖြစ်ပါတယ်။ Link တွေနဲ့ ဖြားယောင်းလာတာ ဟုတ်၊ မဟုတ် စစ်ဆေး၊ ရှာဖွေနိုင်တဲ့ Website တခု ဖြစ်ပါတယ်။
 
– Website [PhishTank]
 
၅။ယုံကြည်စိတ်ချရတဲ့ Web (WOT):
 
WOTက အသုံးပြုသူတွေရဲ့ သုံးသပ်ချက်တွေနဲ့ တခြားဒေတာ အရင်းမြစ်တွေအပေါ် အခြေခံပြီး Website အဆင့်သက်မှတ်ချက်တွေကို ပံ့ပိုးပေးတဲ့ Browser extension တခုဖြစ်ပါတယ်။ အဲဒီBrowser ကနေတဆင့် ‌Websiteတွေရဲ့ ဘေးကင်းတာနဲ့ ပတ်သတ်ပြီး ရှာဖွေဆုံးဖြတ်ချက်ချတာမှာ ကူညီပေးနိုင်ပါတယ်။
 
 
ဒီWebsite တွေက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေအတွက် အကူညီအထောက်ပံ့ ဖြစ်စေပေမယ့် အီးမေးလ် ဒါမှမဟုတ် မရင်းနှီးတဲ့ သူတွေဆီကနေ ရတဲ့Link တွေကို နှိပ်တဲ့အခါမှာ စာဖတ်သူတွေအနေနဲ့ သတိထားဖို့ အရေးကြီးပါတယ်။
 
စာဖတ်သူတွေအနေနဲ့ လိမ်လည်လှည့်ဖျားတတ်တဲ့ Website Link တွေ ရရှိတယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြုမေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
 
DNA Fact Check Team ကို ဒီနေရာ(dnafactcheck@gmail.com) ကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်။