မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း နိုင်ထောမွန် ရောဂါနဲ့ကွယ်လွန်

ဇန်နဝါရီ၊ ၁၇
 
မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း နိုင်ထောမွန်ဟာ ဒီကနေ့ ဇန်နဝါရီလ ၁၇ ရက် (မြန်မာစံတော်ချိန်) မနက် ၆ နာရီခွဲလောက်က ထိုင်းနိုင်ငံ စံခလပူရီဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
“ နေမကောင်းဖြစ်နေတာ ကြာပြီ၊ ရောဂါက အစုံပါပဲ အဲဒီရောဂါတွေနဲ့ပဲ မနက်က ဆုံးသွားတာ ” လို့ မိသားစုနဲ့ နီးစပ်သူတဦးက DNA ကို အတည်ပြုပြောပါတယ်။
 
ဝါရင့်လက်နက်ကိုင် တော်လှန်ရေးသမားဖြစ်သူ နိုင်ထောမွန်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
 
လက်ရှိမှာ နိုင်ထောမွန်ရဲ့ ရုပ်အလောင်းကို မွန်ပြည်သစ် ထိန်းချုပ်နယ်မြေ ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်း ကျေးရွာကို သယ်ဆောင်သွားပြီး ဇန်နဝါရီလ ၂၁ ရက်မှာ ဈာပနအခမ်းအနား ကျင်းပမယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ဇာတိ နိုင်ထောမွန်ဟာ ၁၉၆၅ ခုနှစ်မှာ မွန်ပြည်သစ်ပါတီကို ဝင်ရောက်ခဲ့ပြီး ဆက်သွယ်ရေးတပ်သားကနေ တာဝန်အဆင့်ဆင့်ဆက်လက် ထမ်းဆောင်ကာ မွန်ပြည်သစ်ပါတီ ပြည်လည် ပေါင်းစည်းရေးကာလ ၁၉၈၇ ခုနှစ်မှာ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA ရဲ့ စစ်ဦးချုပ် အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
 
အဲဒီနောက် ၂၀၀၃ ခုနှစ်မှာ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌနဲ့ ဗဟိုစစ်ကော်မတီ ဥက္ကဌဖြစ်လာခဲ့ပြီး ၂၀၀၅ ခုနှစ် မှာ မွန်ပြည်သစ်ပါတီရဲ့ လေးဦးမြောက် ဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်ခံခဲ့ရပါတယ်။
 
၂၀၂၀ ခုနှစ်၊ မွန်ပြည်သစ်ပါတီ ၁၀ ကြိမ်မြောက် ညီလာခံမှာတော့ ကျန်းမာရေးအခြေအနေအရ ဥက္ကဌတာဝန် ကနေ အနားယူခဲ့ပြီး နိုင်ဟံသာကို ပါတီဥက္ကဌတာဝန် လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
 
နိုင်ထောမွန် ပါတီဥက္ကဌတာဝန်ယူနေချိန် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို မွန်ပြည်သစ်ပါတီက လက်မှတ်ရေးထိုးခဲ့ပါတယ်။
 
ပါတီဥက္ကဌတာဝန်က အနားယူပြီးနောက် နိုင်ထောမွန်ကို မွန်ပြည်သစ်ပါတီက ဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် ဆက်လက် အသိအမှတ်ပြုခဲ့ပါတယ်။
 
နိုင်ထောမွန်ဟာ မွန်ပြည်သူတွေအရေးသာမက မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုအတွက်ရော ၁၉၈၈ အရေးတော်ပုံကာလ တောခိုကျောင်းသားတွေအတွက်ပါ ကျေးဇူးပြုခဲ့သူတဦး ဖြစ်တယ်လို့ ရှစ်လေးလုံးအရေးတော် ပုံကာလက တောခိုခဲ့ဖူးတဲ့ ဦးအောင်သူငြိမ်းက မှတ်ချက်ပြုထားပါတယ်။
 
ဓာတ်ပုံ – နိုင်ငံတော်အတိုင်ပင်ခံရုံး