မြို့ခံအများစု စစ်ရှောင်နေကြတဲ့ ဆီဆိုင်မြို့က နေအိမ်တွေဖောက်ထွင်းခံနေရ

ဧပြီ ၊ ၂၄

တိုက်ပွဲတွေကြောင့် မြို့ခံအများစု တိမ်းရှောင်နေကြတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့မှာ သူခိုးတွေရဲ့ နေအိမ်ဖောက်ထွင်း ခိုးယူမှုတွေ ဆက်တိုက်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သူခိုးကတယောက်၊ နှစ်ယောက်တော့မဟုတ်ဘူး၊ အုပ်စုလိုက်ပဲ၊ တချို့က ကားနဲ့ ထော်လာဂျီနဲ့ ဆိုင် ကယ်တွေနဲ့။ သူတို့က နေ့ခင်းမှာပဲ ဝင်ချင်တဲ့ အိမ် ဝင်ပြီး ခိုးကြတာ၊ ခုတင်တွေတောင်ခိုးတယ်”လို့ ဆီဆိုင်မြို့ခံ လူငယ်တဦးက DNA ကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ထိခိုက်ပျက်စီးမှုနည်းတဲ့ မြို့ပေါ် ရပ်ကွက်တွေက နေအိမ်တွေမှာ အခုလို ဖောက်ထွင်းဝင်ရောက် ခိုးယူနေတာဖြစ်ပြီး  အိမ်မှာကျန်နေခဲ့တဲ့ ဆန်၊ စပါးတွေ၊  အသုံးအဆောင် ပရိဘောဂ ပစ္စည်းတွေကို ခိုးယူနေကြတာလို့ သိရပါ တယ်။

ဒီလိုခိုးယူသူတွေဟာ ဒေသခံတွေထဲကပဲ ဖြစ်နိုင်တယ်လို့ ဆီဆိုင်မြို့ခံတွေက ဆိုပါတယ်။ လက်ရှိ ဆီဆိုင်မြို့ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်(PNO/PNA) ပူးပေါင်းတပ်တွေကလည်း အဲဒီလို ခိုးယူနေသူတွေကို ဟန့်တားတာမျိုး သိပ်မရှိဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့ ရပ်ကွက်မှာဆိုရင် စစ်ပွဲကြောင့် နေအိမ်တလုံးမှ ထိခိုက်မှုမရှိပေမယ့် သူခိုးတွေကြောင့် ပျက်စီးရတာမျိုးပါ၊ ပျက်စီးဆုံးရှုံးမှုမတူရင်တောင် ဆုံးရှုံးရတာချင်းတော့အတူတူပါပဲဗျာ၊ နေအိမ်တွေ  မီးမလောင်ရုံလောက်ပါပဲ” လို့လည်း အထက်ပါ မြို့ခံလူငယ်က ပြောပါတယ်။

အဲဒီလို ခိုးယူနေသူတွေဟာ နေအိမ်တွေထဲ ဖောက်ထွင်း ဝင်ရောက်တဲ့အချိန် အိမ်ရှင်တွေနဲ့တွေ့တဲ့ အခါမျိုးမှာလည်း ရန်ပြုဖို့ ကြိုးပမ်းတာတွေပါ ရှိတယ်လို့ သူကပြောပါတယ်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ကတော့ သူတို့ တပ်ဖွဲ့ မြို့ကိုထိန်းချုပ်ထားစဥ်က နေအိမ်ဖောက်ထွင်းခိုးယူသူတွေကို ဖမ်းမိတဲ့သတင်းတွေ ထုတ်ပြန်ခဲ့ဖူးပြီး ဖမ်းမိတဲ့သူတွေထဲ PNA တပ်ဖွဲ့ဝင်တချို့ ပါဝင်တယ်လို့လည်း ဆိုထားပါတယ်။

တော်လှန်ရေးတပ်တွေက နယ်မြေအများစုထိန်းချုပ်ထားတဲ့ ကရင်နီပြည်နယ် အစပ်နားမှာရှိတဲ့ ဆီဆိုင် မြို့ကို အခုနှစ် ဇန်နဝါရီလကုန်လောက်မှာ PNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်က ဆီဆိုင်မြို့ကို လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ခဲ့လို့ အရပ်သားတွေ သေဆုံးထိခိုက်တာတွေရှိသလို နေအိမ်နဲ့ ဆိုင်ခန်း ရာချီလည်းမီးလောင်ပျက်စီးထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကတော့ စစ် ကောင်စီတပ်နဲ့ PNA ပူးပေါင်းတပ်တွေက ဆီဆိုင် မြို့ကိုပြန်ရရေး တင့်ကားတွေပါ သုံးပြီးစစ်ကြောင်းထိုးလာလို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါသေးတယ်။ ဒေသခံတချို့ကတော့ လက်ရှိ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်နဲ့ PNA ပူးပေါင်းတပ်တွေက ပြန်လည်ထိန်းချုပ်ထားပြီလို့ ပြောပါတယ်။

“တိုက်ပွဲတွေလည်း ငြိမ်နေတယ်အခုရက်ပိုင်း၊ ဒါပေမယ့်ဆီဆိုင်ကနေလက်နက်ကြီးလှမ်းပစ်နေ တာမျိုးတော့ကြားတယ်”လို့ နောက်ထပ် ဆီဆိုင်ဒေသခံတဦးက ပြောပါတယ်။

ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတာနဲ့ ပတ်သက်ပြီး PNLA ဘက်က​တော့ငြင်းဆန်ထားပြီးနှစ်ဖက်တိုက်ပွဲတွေ ရှိနေတုန်းပဲလို့ အခုလဆန်းပိုင်းမှာပြောထားပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲတွေအနည်းငယ်ငြိမ်သက်နေတာကြောင့် မြို့ခံတချို့ မြို့ထဲပြန်ဝင်ပြီး ပစ္စည်းတွေ ဝင်ယူတာ၊ ခေတ္တနေထိုင်တာတွေ လုပ်နေကြသလို စစ်ကောင်စီဘက်ကလည်း မြို့ခံတွေ ပြန်လာကြဖို့ စည်းရုံးနေတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ရပ်ကွက်သူကြီးတွေလည်း PNO အမာခံတွေလေ၊ ရွာသားတွေကိုပြန်နေခိုင်းတယ်၊ ပြီးတော့ပြောသေးတယ် မင်းတို့ ငါတို့ရပ်ကွက်မှာ အလုံးစုံနေကြပြီဆိုရင်လျှပ်စစ်ဝန်ထမ်းတွေပြန်လာပြီး မီးပြင်ပေးမှာတဲ့” လို့လည်း အထက်ပါ ဆီဆိုင်မြို့ခံ လူငယ်ကပြောပါတယ်။

PNLA ကတော့ ဆီဆိုင်မြို့ဟာစစ်ပွဲဇုန်ဖြစ်နေတာကြောင့် မြို့ခံတွေအနေနဲ့ မြို့ထဲပြန်ဝင်တာမျိုး မလုပ်ကြဖို့မကြာခဏသတိပေးထုတ်ပြန်နေပါတယ်။

ဆီဆိုင်အပါအဝင် ရှမ်းပြည်နယ်တောင်းပိုင်ကညောင်ရွှေ၊ ပင်လောင်း၊ ဟိုပုံးဒေသတွေဘက်မှာ ဇန်နဝါရီ ၂၁ ကနေ ဧပြီ ၂၀ အထိ သုံးလအတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရသူ ခုနစ်သောင်းကျော်ရှိပြီး သေဆုံးခဲ့ရတဲ့အရပ်သားလည်း ခုနစ်ဆယ်နီးပါး ရှိပြီလို့ ပအိုဝ်းလူငယ်အစည်းအရုံး(PYO) ရဲ့ စာရင်းတွေအရ သိရပါတယ်။