ရက်ပေါင်း နှစ်ဆယ်အကြာ လူမြင်ကွင်းကနေ ပျောက်နေတဲ့ ဒုတပ်ချုပ် စိုးဝင်း

ဧပြီ ၊ ၂၃

စစ်ကောင်စီတပ်ရဲ့ ဒုတိယ ရာထူးအကြီးဆုံး ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာ အခုဆို ရက်နှစ်ဆယ်အထိ ရှိလာနေပါပြီ။

ဒုတပ်ချုပ် စိုးဝင်း လူမြင်ကွင်းကနေ ဘယ်လိုပျောက်ကွယ်နေတာလဲ၊ ဘာလို့ အခုလို ပျောက်ကွယ်နေတာဖြစ်နိုင်လဲ၊ စတာတွေနဲ့ ပတ်သက်ပြီး စုစည်းတင်ပြပေးသွားပါမယ်။

အာဏာသိမ်းဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ အခုလ  ၃ ရက်က ဗထူးမြို့၊  ဗိုလ်သင်တန်းကျောင်းမှာ ပြုလုပ်တဲ့ ဗိုလ်လောင်းသင်တန်းဆင်းပွဲ အခမ်းအနားကို နောက်ဆုံး တက်ရောက်ခဲ့ပြီးနောက် ဒီကနေ့အထိ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာဖြစ်ပါတယ်။

ဧပြီလ ၂၂ ရက်၊ မနေ့က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ အရေးကြီးဆုံး အစည်းအဝေးတွေထဲက တခုဖြစ်တဲ့ စစ်ကောင်စီ အစိုးရအဖွဲ့အစည်းအဝေးကိုတောင် ဒုတပ်ချုပ် စိုးဝင်း တက်ရောက်ခဲ့တာမရှိပါဘူး။

အလားတူပဲ ပုံမှန်တက်ရောက်လေ့ရှိတဲ့ မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်အခမ်းအနားတွေကိုလည်း တခုမှတက်ရောက်တာမရှိခဲ့သလို စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာလည်း ဧပြီလ ၄ ရက်ကနေ ဒီကနေ့အထိ ဒုတပ်ချုပ်ရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဘာတခုမှ ဖော်ပြခဲ့တာမရှိပါဘူး။

ဝါရင့်နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်ကတော့ ဒုတပ်ချုပ်စိုးဝင်း အခုလို လူမြင်ကွင်းကနေပျောက်ကွယ်နေတာဟာ သတင်းတွေထွက်ပေါ်နေသလို ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“သူဟာ မော်လမြိုင် ရတခအတွင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် အမှန်ပဲ ဒဏ်ရာရခဲ့ပုံရပါတယ်။ သေပုံတော့မရပါဘူး။ သူ့ကို အိန္ဒိယဆရာဝန်တွေ ခေါ်ကုတယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီးတော့ စိုးဝင်းကို မင်းအောင်လှိုင်က အစားထိုးမယ်လို့လည်း ကျနော်မထင်ပါဘူး။ ဆိုတော့ အခုက အချိန်လေးတချိန် နည်းနည်းစောင့်ကြည့်ဖို့တော့ လိုတယ်။ စိုးဝင်းက ဘယ်လောက်ထိ ပြင်းထန်တဲ့ဒဏ်ရာတွေရပြီးတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေလဲဆိုတာ ကျနော်တို့မသိသေးပါဘူး။ အဲတော့ အခုပြောဆိုထားချက်အရ စိုးဝင်းတချိန်ချိန်ပြန်ထွက်လာလိမ့်မယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်”

တော်လှန်ရေး တပ်ဖွဲ့တခုဖြစ်တဲ့ Alpha Bats ဒရုန်းတပ်ဖွဲ့ကတော့ ဧပြီလ ၉ ရက်၊ နေ့လယ်ပိုင်းက မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာချုပ်မှာ စစ်တပ်အရာရှိကြီးတွေ အစည်းအဝေးပြုလုပ်နေစဉ် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း ဒုတပ်ချုပ်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Alpha Bats ဒရုန်းတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတဦးကတော့ အဲဒီတိုက်ခိုက်မှုမှာ ဒုတပ်ချုပ် စိုးဝင်း ဒဏ်ရာရခဲ့တယ်လို့သာ သိထားရပြီး ဒဏ်ရာပြင်းထန်မှုအခြေအနေနဲ့ နောက်ဆက်တွဲအခြေအနေတွေကို မသိရသေးဘူးလို့ DNA ကို ပြောပါတယ်။

ဒုတပ်ချုပ် ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းတွေကိုတော့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုထားပြီး ဒုတပ်ချုပ်အနေနဲ့ တိုင်းပြည်တာဝန်တွေကို ပုံမှန်ထမ်းဆောင်နေတယ်လို့ ပြည်တွင်းသတင်းဌာနတချို့ကို ပြောဆိုထားပါတယ်။

CDM ဗိုလ်ကြီး လင်းထက်အောင်ကတော့ ဒရုန်းတိုက်ခိုက်မှုအတွင်း ဒုတပ်ချုပ် ထိခိုက်မှုရှိခဲ့တာ အမှန်ဖြစ်ရင်တောင်မှ စစ်ကောင်စီက သတင်းဖုံးကွယ်ထားလိမ့်မယ်လို့ ပြောပါတယ်။

“အာဏာသိမ်းပြီးတဲ့ တောက်လျှောက်မှာ တိုင်းမှူးတို့၊ တပ်မမှူးတို့ အဲလိုတွေ တိုက်ခိုက်ခံရမှု အခြေအနေကို စစ်တပ်ဟာ ဘယ်တော့မှ ထုတ်ဖော် မပြသတဲ့ ပုံစံတခုတော့ ရှိတယ်ပေါ့နော်။ စစ်တပ်သည် သူတို့ဘက်က ဒါကိုဆုံးရှုံးသွားတယ်။ ဒါကြီးကတော့ ဟိုဟာဖြစ်ပါတယ်ဆိုတာမျိုး၊ ပြီးခဲ့တဲ့ စစ်ဆင်ရေးမှာ သူတို့ရဲ့ စစ်ဆင်ရေးတွေ၊ လက်နက်ချတာတွေ၊ အဖမ်းခံရတာတွေ၊ သေဆုံးတာတွေရှိခဲ့တာတောင် ဘယ်သူ့ကိုမှ ထုတ်မပြောဘူး။ မီဒီယာတွေမှာ သတင်းထွက်ပေါ်နေသလို တကယ်ထိခိုက်ဒဏ်ရာရရင်တောင် သူတို့က ဝန်ခံမှာမဟုတ်ပါဘူး”

စစ်တပ်ရဲ့ ကြီးမားတဲ့ထိခိုက်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ စစ်တပ်ထောက်ခံသူတွေကို ပေးမသိချင်တာကြောင့် အခုလိုဖုံးကွယ်တာမျိုး လုပ်နိုင်တယ်လို့လည်း CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။ တဖက်မှာလည်း ဒုတပ်ချုပ် ဦးဆောင်တဲ့ စစ်တပ်အရာရှိတချို့က စစ်ခေါင်းဆောင်ကို ဖြုတ်ချဖို့ ကြိုးစားရာကနေ မအောင်မြင်ဘဲ ဒုတပ်ချုပ် အဖမ်းခံထားရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

CDM လေတပ် တပ်ကြပ်ကြီး ဇေယျကတော့ တန်ပြန်အာဏာသိမ်းဖို့ ကြိုးပမ်းတာကြောင့် ဒုတပ်ချုပ် စိုးဝင်း အဖမ်းခံထားရတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေဆီကနေ သိထားရကြောင်း အခုလိုပြောပါတယ်။

“ကျနော်တို့ သိသလောက်က သူပျောက်နေတဲ့ ဖြစ်စဉ်က ဒဏ်ရာရလို့ ပျောက်တာထက် အဖမ်းခံရတဲ့ လူတွေနဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိတယ်ဆိုတဲ့ ပုံစံမျိုးရှိတယ်ပေါ့နော်။ အဲလိုအကြောင်းရာတွေကြောင့် ပျောက်တယ်လို့ ကျနော်တို့ ဒါ တရာ ရာခိုင်နှုန်းတော့ မသေချာဘူး။ ၇၀ ရာခိုင်နှုန်းလောက်ထိတော့ အဲလိုသတင်းတွေ ကျနော်တို့ ရထားတယ်။ မြန်မာစစ်တပ်မှာက ဒီလိုအန်တုမှုတွေပေါ့နော်။ အထက်ကို ဆန့်ကျင်တန်ပြန်အာဏာသိမ်းတဲ့ဟာတွေဆို လုံးဝလက်မခံဘူး။ ဖြစ်ခဲ့တာတွေရှိခဲ့တောင်မှ ကြိတ်ပြီးတော့ ဖြေရှင်းတယ်။ အခုလည်း အဲလိုမျိုးဟာကို ကောလဟာလနဲ့ ဖုံးပြီးတော့ ကြိတ်ပြီးတော့လုပ်တယ်လို့ ယူဆတယ်”

ဒါ့အပြင် စစ်တပ်အတွင်းမှာလည်း ဒုတပ်ချုပ် ဒဏ်ရာရထားတယ်လို့ သတင်းတွေပျံ့နေပြီး အဲလိုလုပ်တာက ဖမ်းဆီးမှုဖြစ်စဉ်ကို ဖုံးကွယ်ချင်လို့ သတင်းအမှားလွှင့်တယ်လို့ ယူဆကြောင်းလည်း တပ်ကြပ်ကြီး ဇေယျက သူ့အမြင်ကို ပြောပါတယ်။

အလားတူပဲ စစ်ခေါင်းဆောင်ရဲ့ လူယုံတဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ညိုစောနဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း မြင့်လှိုင်တို့ကိုလည်း စစ်ခေါင်းဆောင်ကို ဖြုတ်ချဖို့ ကြံစည်မှုမှာ ပူးပေါင်းပါဝင်တာကြောင့် ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ စစ်ခေါင်းဆောင်ရဲ့ အကြံပေးပုဂ္ဂိုလ်လည်းဖြစ် စစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ညိုစောဟာလည်း ဒုတပ်ချုပ်လိုပဲ မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီ အစိုးရအဖွဲ့ အစည်းအဝေးကို မတက်ရောက်ခဲ့ပါဘူး။

ဝါရင့်နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်ကတော့ ဒုတပ်ချုပ်စိုးဝင်းအနေနဲ့ စစ်ခေါင်းဆောင်ကို ဖြုတ်ချဖို့ ကြိုးပမ်းလို့ အဖမ်းခံထားရတယ်ဆိုတဲ့ သတင်းတွေအပေါ် သူ့အမြင်ကို အခုလိုပြောပါတယ်။

“ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကတော့ အမိန့်နာခံမှုကြီးတဲ့ စစ်သားတယောက်လို့ ကျနော်ကတော့ မြင်ပါတယ်။ ဒါကြောင့် ဒီလောက်ဆိုးဝါးပက်စက်တဲ့အလုပ်တွေလုပ်နေတာတောင်မှ မင်းအောင်လှိုင်အောက်မှာ ခိုင်းတာလုပ်တယ်။ အဲဒါကြောင့် အခုလို သတင်းထွက်နေကြတဲ့ ဖမ်းလိုက်ပြီလို့ အမျိုးမျိုးထွက်နေတာတဲ့ ပတ်သက်ပြီးတော့ ကျနော်ကတော့ အယုံအကြည်မရှိပါဘူး”

မဘသ ဘုန်းကြီးတွေနဲ့ စစ်တပ်ထောက်ခံသူတချို့ကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ လက်ရှိအခြေအနေတွေကို ကိုင်တွယ်နိုင်ချေမရှိတာကြောင့် အရပ်ဘက်မှာ တာဝန်ယူပြီး ဒုတပ်ချုပ် စိုးဝင်းကို တပ်ချုပ်ရာထူးလွှဲပေးဖို့ အခုနှစ် အစောပိုင်းက တောင်းဆိုခဲ့ကြပါသေးတယ်။

မြန်မာစစ်တပ်မှာ ၁၉၈၈ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်ကို အဲဒီတုန်းကဒုတပ်ချုပ် သန်းရွှေဦးဆောင်တဲ့အရာရှိကြီးတွေက စစ်တပ်က အနားပေးခဲ့တဲ့ အစဉ်အလာရှိခဲ့ဖူးပါတယ်။