အီရန်ကို တိုက်ခိုက်ချိန်မှာ အစ္စရေးက အကြီးစားဒုံးကျည် အသုံးပြုခဲ့ဖွယ်ရှိ

ဧပြီ ၊ ၂၃

အီရန်ကို တိုက်ခိုက်ခဲ့ရာမှာ အစ္စရေးဟာ အရွယ်အစား ကြီးမားလှတဲ့ တာဝေးပစ် စူပါဆောနစ် ဒုံးကျည် တစင်းကို အသုံးပြုခဲ့ကြောင်း အစ္စရေး မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အီရန်က အစ္စရေး မြို့ရွာတွေကို ဒုံးကျည်နဲ့ ဒရုန်းအစင်း ၃၀၀ ကျော် အသုံးပြုပြီး အခုလလယ်မှာ တိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေးက​ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အီရန် အလယ်ပိုင်းမှာရှိတဲ့ အစ္စဖာဟန်မြို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေး လေတပ်က အဲဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တိကျတဲ့ သတင်း အချက်အလက်တွေ မထုတ်ပြန်ခဲ့ဘဲ အီရန်ကတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ ဒုံးကျည်တွေတောင် မသုံးဘဲ အသေးစား ဒရုန်းတွေလောက်သာ ပါဝင်ခဲ့တယ်လို့ လျှော့လျှော့ပေါ့ပေါ့ ကြေညာခဲ့ပါတယ်။ ပြီးတော့ အဲဒီအတိုင်းအတာလောက်အတွက် အီရန်က နောက်ထပ် လက်တုံ့ပြန်တော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အဲဒီ အခြေအနေအရ အရှေ့အလယ်ပိုင်း ဒေသထဲက ခါးသီးပြိုင်ဘက် နှစ်နိုင်ကြား ကိုယ်ထိလက်ရောက် ရန်လို တိုက်ခိုက်မှုတွေ အဆုံးသတ်သွားပြီလို့ ယူဆရပါတယ်။

ဒါပေမဲ့ အစ္စရေး မီဒီယာ တချို့ကတော့ စစ်ရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး အစ္စဖာဟန်က အီရန် စစ်စခန်း တခုကို တိုက်ခိုက်ခဲ့ချိန်မှာ အစ္စရေးက Rampage စူပါဆောနစ် ဒုံးကျည် တစင်းကိုပါ အသုံးပြုခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

အဲဒီ ဒုံးကျည်ဟာ တန်တဝက်လောက် အလေးချိန်ရှိပြီး ပေါက်ကွဲအား ပြင်းထန်တဲ့ ထိပ်ဖူးတွေ တပ်ဆင်ရင်း ပစ်မှတ်ဆီကို မြန်နှုန်းမြင့် ပျံသန်းနိုင်စွမ်း ရှိပါတယ်။ Rampageတွေကို ဝေဟင်ကနေ မြေပြင်ကို ပစ်လွှတ်ရတာ ဖြစ်ပါတယ်။

Times of Israel သတင်းဌာနက အစ္စရေးဟာ အီရန်ကို တိုက်ခိုက်ရာမှာ Rampage ဒုံးကျည် အနည်းဆုံး တစင်းကို အသုံးပြုခဲ့တယ်လို့ အခိုင်အမာ ဆိုပေမယ့် အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အစ္စဖာဟန်ကို ပစ်မှတ်ထားခဲ့တာဟာ ကလေးကစားစရာလို အသေးစား ဒရုန်းတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။ ပြီးတော့ အဲဒီ ဒရုန်းတွေဟာ အစ္စရေး ပစ်ခတ်လိုက်တာတောင် ဟုတ်ချင်မှ ဟုတ်မယ်လို့ ဆိုပါတယ်။

Times of Israelကတော့ ရရှိထားတဲ့ ဓာတ်ပုံမှတ်တမ်း တချို့အရ ထိခိုက်ပျက်စီးမှု အခြေအနေတွေဟာ Rampage ဒုံးကျည် ထိမှန်ထားတယ်လို့ ယုံကြည်ရလောက်တဲ့ အနေအထား ရှိတယ်လို့ ပြောပါတယ်။ အစ္စရေး စစ်တပ်က စစ်ဆင်ရေးတွေနဲ့ ပတ်သက်ရင် နှုတ်ဆိတ်နေလေ့ရှိတဲ့ အစဉ်အလာအတိုင်း အခုတကြိမ်မှာလည်း ဘာမှတ်ချက်မှ မပေးပြန်ပါဘူး။

လက်နက်ရေးရာ ကျွမ်းကျင်သူတွေက အစ္စရေးဟာ ဖျက်အားပြင်း ဒုံးကျည်တစင်းကို အသုံးပြုခဲ့တာ ဖြစ်နိုင်ပေမယ့် တကယ်ပဲ Rampageကို အသုံးပြုခဲ့သလား ဆိုတာကို အတည်ပြုဖို့ ခက်တယ်လို့ မှတ်ချက် ပေးထားပါတယ်။

အစ္စရေးမှာ ထုတ်လုပ် တည်ဆောက်တဲ့ ဒုံးကျည်တွေကို အိန္ဒိယ လေတပ်ကပါ မှာယူ အသုံးပြုနေပြီး အမေရိကန်နဲ့ အနောက်နိုင်ငံလုပ် တိုက်လေယာဉ်တွေအပြင် ရုရှားလုပ် တိုက်လေယာဉ် အမျိုးအစား တချို့မှာပါ တပ်ဆင် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Ref: Times of Israel