မန္တလေးမှာ လ၀ကရုံး ဗုံးပေါက်ကွဲ၊ နှစ်ဦး သေဆုံး

ဧပြီ၊ ၅
 
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်ရှိ မဟာအောင်မြေခရိုင် လူဝင်မှု ကြီးကြပ်ရေးရုံး (လ.၀.က) မှာ ဒီကနေ့ နေ့ လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်လို့ လူနှစ်ဦး သေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ ဒီရက်ပိုင်းရုံးမှာက မှတ်ပုံတင်ပြန်လုပ်တဲ့သူနဲ့ ပြည်ပထွက်မယ်သူတွေ ထောက်ခံချက်လုပ်တဲ့သူတွေ များတယ်၊ ဖြစ်ဖြစ်ချင်း လူတွေပြေး ထွက်လာတာပေါ့၊ သေတဲ့နှစ်ဦးက အပြင်က လူတွေလို့ ပြောတယ်၊ ဝန်ထမ်းတွေလည်း ထိသွားတာရှိတယ်” လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ သေဆုံးသွားနှစ်ဦးဟာ ဟိုပင်မြို့က အသက် နှစ်ဆယ့်ငါးနှစ်ကျော်အရွယ် မနီနီဝင်းမောင် ဆိုသူနဲ့ မြင်းခြံမြို့က ကိုစွဲရစ်အောင် တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် ပေါက်ကွဲမှုကြောင့် အသက်(၃၀)အရွယ် စစ်ကောင်စီလက်အောက်ခံ ဒု-မြို့နယ် လဝကမှူး သော်ဇင်ဖြိုး အပါအဝင် ဝန်ထမ်း သုံးဦးနဲ့ ပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
 
လဝကရုံးကို ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက လက်လုပ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်သွားတာလို့ စစ်အုပ်စုဖက်က ဆိုပါတယ်။
 
အဲဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကို DNA က သီးခြားအတည်ပြုလို့ မရသေးပါဘူး။
 
ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းကိုပိတ်ဆို့ပြီး စစ်ဆေးတာတွေနဲ့ အနီးအနားက CCTV မှတ်တမ်းတွေကို လိုက်လံရှာဖွေခဲ့တယ်လို့ အထက်ပါ ဒေသခံကပြောပါတယ်။
 
ဓာတ်ပုံ – Google