ပခုက္ကူကနေ ချင်းတောင်ပေါ်တက်မယ့် စစ်ယာဉ်တန်း တိုက်ခိုက်ခံရလို့ ပေါက်မြို့နယ်မရောက်မီ ကားရှစ်စီးပျက်စီး

ဧပြီ၊ ၅
 
မကွေးတိုင်း ပခုက္ကူမြို့ကနေ ချင်းတောင်ပေါ်အထိ ရိက္ခာသွားပို့မယ့် စစ်ကောင်စီယာဉ်တန်းကို ပခုက္ကူ-ကမ္မ-ပေါက်လမ်းပိုင်းပေါ်မှာ တိုက်ခိုက်မှုတွေလုပ်ခဲ့ရာမှာ စစ်ကောင်စီဘက်ကအထိနာပြီး ယာဉ်တန်းထဲက ကားရှစ်စီးမီးလောင်ပျက်စီးသွားတယ်လို့ ပခုက္ကူခရိုင် PDFတပ်ရင်း-၁၃ က ထုတ်ပြန်ပါတယ်။
 
အဲ့ဒီစစ်ကောင်စီရိက္ခာပို့ယာဉ်တန်းကို မတ်လ ၂၆ရက်၊၂၇ရက်၊၂၈ရက်နဲ့ အခုလ ၂ရက်တို့မှာ မိုင်းဆွဲတိုက်ခိုက်မှုနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေလုပ်ခဲ့တာလို့ဆိုပါတယ်။
 
တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က သုံးဆယ်ဝန်းကျင် သေဆုံးထိခိုက်ကာ ကားရှစ်စီးကို မီးရှို့ဖျက်ဆီး နိုင်ခဲ့တာလို့ ပခုက္ကူခရိုင် PDFတပ်ရင်း-၁၃ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို မတ်လ ၂၆ရက်က ဖောက်ခွဲတိုက်ခိုက်မှုနှစ်ကြိမ်လုပ်ခဲ့သလို ထိတွေ့ပစ်ခတ်မှု လည်းရှိခဲ့တာကြောင့် ယာဉ်တန်းထဲကကားတချို့ မောင်းမရပျက်စီးသွားသလို စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ် ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
 
အလားတူ မတ်လ ၂၇ရက်ကလည်း ပခုက္ကူနဲ့ ပေါက်မြို့နယ်အစပ်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာကြောင့် စစ်ကောင် စီဘက်က ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပြီး အဲ့ဒီလူနာတွေကိုသယ်လာတဲ့ ကားနှစ်စီးကိုနောက်တရက် မတ်လ ၂၈ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
 
စစ်ကောင်စီယာဉ်တန်း ပခုက္ကူမြို့နယ် သာကြီးတောင်ရေနံမြေအနီးရောက်ချိန် ဧပြီ ၂ရက်ကတော့ ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ရာမှာ ကားရှစ်စီးပျက်စီးပြီး တဦးသေ၊ဆယ်ဦးလောက်ဒဏ်ရာရကာ လေးဦးအရှင်ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
 
တိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်တွေဘက်က တဦးသာ မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့လည်းဖော်ပြ ထားပါ တယ်။အထက်ပါ စစ်ကောင်စီယာဉ်တန်းဟာ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁)ကနေစတင်ထွက်ခွာလာကာ ပေါက် မြို့ကတဆင့် ယော၊ချင်းဒေသတွေဘက် ရိက္ခာသွားပို့တာလို့သိရပါတယ်။
 
အဲ့ဒီယာဉ်တန်းဟာ မတ်လ ၂၆ရက်က ကမ္မမြို့ အမှတ်(၁၂)ရပ်ကွက်ကိုစီးနင်းမီးရှို့ခဲ့တဲ့ယာဉ်တန်းဖြစ်ပြီး အိမ်ခြေ ငါးဆယ်ဝန်းကျင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ဒေသခံ တော်လှန်ရေးမဟာမိတ်တပ်တွေအနေနဲ့ အဲ့ဒီယာဉ်တန်း ကို ဆယ်ရက်လောက် ဟန့်တားနိုင်ခဲ့တယ်လို့ လည်းဆိုပါတယ်။
 
စစ်ယာဉ်တန်းဟာ မတ်လ ၂၂ရက်မှာ ပခုက္ကူမြို့ကနေစတင်ထွက်ခွာခဲ့တာဖြစ်ပြီး လမ်းတလျှောက် ပခုက္ကူ-ကမ္မ နဲ့ပေါက် ဒေသအခြေစိုက် တော်လှန်ရေးတပ်တွေက မိုင်းဆွဲတာ၊ဒရုန်းနဲ့တိုက်ခိုက်တာ၊ပစ်ခတ်တိုက်ခိုက်တာတွေ ကြောင့် ရှေ့မတိုးနိုင်ဘဲ ပေါက်မြို့နယ်အတွင်း ရပ်တန့်နေခဲ့တာပါ။
 
တိုက်ခိုက်မှုုတွေအတွင်း ပခုက္ကူ၊ကမ္မအခြေစိုက် PDF နဲ့ ပကဖ တပ်ရင်း၊တပ်ဖွဲ့တွေ၊ PDO/PDA၊ ဗိုလ်လရောင် (BLY)၊အနောက်လွင်ပြင်၊ABSDF၊နယ်စည်းမခြား FREEDOM စစ်ကြောင်း(၁)၊KING FIGHTER စတဲ့တပ်ဖွဲ့ တွေ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။
 
တော်လှန်ရေးတပ်တွေဘက်က စောင့်ကြိုတိုက်ခိုက်တာနဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီယာဉ်တန်း ဟာ ပုံမှန်လမ်းပိုင်းတွေကိုရှောင်ကွင်းသွားလာရတာတွေလည်းရှိတယ်လို့ ဒေသခံတော်လှန်ရေးအင်အားစု တွေကပြောပါတယ်။
 
စစ်ကောင်စီယာဉ်တန်းဟာ ဒီကနေ့မှာတော့ ပေါက်မြို့ နယ် ဘုရားတောင်ကုန်းပေါ်ရောက်နေကာ ပေါက်မြို့ အ ရှေ့ဘက် အုန်းတောတံတားအနီးကနေ ယောချောင်းကိုယာဉ်တန်းဖြတ်ကူးဖို့ ဝါးကပ်၊သစ်သားတွေနဲ့ တံတား ထိုး ပြင်ဆင်နေကြတယ်လို့ပေါက်မြို့နယ်မြေပြင်အခြေအနေတွေဖော်ပြတဲ့ Pauk Newsletter ကအသိပေးထား ပါ တယ်။
 
အာဏာသိမ်းပြီးနောက် ဒေသအသီးသီးကခုခံတော်လှန်တိုက်ခိုက်မှုတွေရှိလာချိန် ပခုက္ကူကနေ ကမ္မ-ပေါက်-ယော ဒေသ ကျောက်ထုကနေ မင်းတပ် စတဲ့ ပခုက္ကူ-မင်းတပ်လမ်းအတိုင်း ရိက္ခာနဲ့စစ်အင်အားဖြည့်ဖို့သွားတဲ့ စစ် ကောင်စီတပ် တွေ ဟာ မြေပြန့်မှာရော ချင်းတောင်ပေါ်မှာပါ တိုက်ခိုက်ခံရပြီး အထိနာလေ့ရှိပါတယ်။
 
ပခုက္ကူနဲ့ မင်းတပ်ဟာ ပုံမှန်လမ်းအတိုင်းဆိုရင် မိုင်တရာဝန်းကျင်သာဝေးပြီး ကားနဲ့ သုံးနာရီကျော်ကြာ ခရီးသာရှိ ပေမယ့် စစ်ကောင်စီယာဉ်တန်းတွေဟာ အဲ့ဒီလမ်းပိုင်းကို သီတင်းပတ်များစွာအချိန်ယူသွားရလေ့ရှိပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – စစ်ကောင်စီယာဥ်တန်းတခုကိုတွေ့ရစဥ် (ပုံဟောင်း)