သင်္ဃန်းညီနောင် အခြေချဗျူဟာနဲ့ ခမရ ၃၅၇ တို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

ဧပြီ၊ ၅
 
ကရင်ပြည်နယ် မြဝတီမြို့အနောက်ဘက် ခုနစ်မိုင်ဝန်းကျင်အကွာက သင်္ယန်းညီနောင်အခြေစိုက် စစ်ကောင်စီ အခြေချ စစ်ဗျူဟာ(စဗခ)နဲ့ ခမရ ၃၅၇ တို့ကို KNLA ပူးပေါင်းတပ်တွေက ဒီကနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက DNA ကိုအတည်ပြုပါတယ်။
 
သင်္ယန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ်တွေထဲက အခြေချဗျူဟာနဲ့ ခမရ ၃၅၇ တို့ဟာ နောက်ဆုံးကျန်နေတဲ့ စခန်းတွေဖြစ်ပြီး ဒီကနေ့ နေ့လယ် နှစ်နာရီခွဲလောက်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
 
KNLA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်ကစလို့ ကရင်ပြည်နယ်အတွင်း ထိုးစစ်အရှိန်မြှင့်ခဲ့ပြီး သင်္ယန်းညီနောင်အခြေစိုက် စစ်ကောင်စီ ခမရ ၃၅၅ နဲ့ ရဲစခန်းတို့ကို မတ်လ ကိုးရက်မှာ စတင်သိမ်းပိုက်ခဲ့ပါတယ်။
 
ခမရ ၃၅၆ ကိုတော့ မတ်လ ၁၅ ရက်မှာ ထပ်မံသိမ်းပိုက်ကာ ကျန်ရှိနေတဲ့ အခြေချစစ်ဗျူဟာနဲ့ ခမရ ၃၅၇ တို့ကို ဒီကနေ့ ဆက်လက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိသင်္ယန်းညီနောင်မှာ အခြေစိုက်စစ်ကောင်စီစခန်း မရှိတော့ဘူးလို့ သိရပါတယ်။
 
စစ်အုပ်စုရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကလည်း အခြေချစစ်ဗျူဟာ ဆုတ်ခွာပေးလိုက်ရပြီလို့ အတည်ပြု ဖော်ပြကြပါတယ်။ လက်ရှိမှာ မြဝတီမြို့အပြင်ဘက်မှာရှိတဲ့ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၂၇၅ ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ မြဝတီ၊ ကော့ကရိတ်နဲ့ သင်္ယန်းညီနောင်တို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒီကနေ့မှာလည်း မနက်ပိုင်းကစလို့ တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်ခဲ့သလို စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးတွေသုံးပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
 
တိုက်ပွဲအခြေအနေ အသေးစိတ်တွေကိုတော့ မသိရသေးသလို သင်္ယန်းညီနောင် အခြေစိုက် စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်လိုက်တာနဲ့ပတ်သက်လို့ သက်ဆိုင်ရာတပ်ဖွဲ့တွေက တရားဝင်ထုတ်ပြန်တာတော့ မရှိသေးပါဘူး။
 
မြဝတီ၊ သင်္ယန်းညီနောင်နဲ့ ကော့ကရိတ်တို့မှာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ရှိနေခဲ့တာဖြစ်ပြီး KNLA ဘက်က ထိုးစစ်စတင်အရှိန်မြှင့်ခဲ့တဲ့ မတ်လ ၇ ရက်နောက်ပိုင်းမှာတော့ တိုက်ပွဲပိုမိုပြင်းထန်လာတာပါ။
 
အဲဒီမြို့နယ်တွေမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေကအရင်ကတည်းက ဝန်းရံပိတ်ဆို့ထားကာ ထောက်ပို့လမ်းကြောင်းတွေကိုလည်း ဖြတ်တောက်ထားနိုင်တာ ရှိပါတယ်။
 
ဓာတ်ပုံ – Social Media