ငလျင်ဒဏ်ကြောင့် ထိုင်ဝမ် လေတပ်ရဲ့ F-16 တိုက်လေယာဉ်တချို့ အနည်းအကျဉ်း ထိခိုက်

ဧပြီ ၊ ၄

အင်အားပြင်း ငလျင်ကြီးအတွင်း ထိုင်ဝမ်လေတပ်ရဲ့ F-16 တိုက်လေယာဉ်တချို့မှာ ထိခိုက်မှု အနည်းအကျဉ်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်လုပ် အပေါ့စား တိုက်လေယာဉ်တွေဟာ ထိုင်ဝမ်ရဲ့ လေပိုင်နက်ကို တရုတ် စစ်လေယာဉ်တွေ အကဲစမ်းပြီး ချဉ်းကပ်ပျံသန်းမှုတွေမှာ လုံခြုံရေးအရ တုံ့ပြန်ဖို့ အရေးအပါဆုံး စစ်လက်နက်တွေလည်း ဖြစ်ပါတယ်။ အဲဒီထဲကမှ F-16V တိုက်လေယာဉ် အနည်းဆုံး ၆ စီးဟာ ဧပြီ ၃ ရက် မနက်ပိုင်း ငလျင်ကြောင့် ထိခိုက်မှုတချို့ ကြုံခဲ့တာ ဖြစ်ပါတယ်။

 ရစ်ချ်တာစကေး ၇.၂ အဆင့် ငလျင်ကြီးရဲ့ဒဏ်ကို အပြင်းထန်ဆုံး သက်ရောက် ခံစားခဲ့ရတဲ့ ဟွာလျန်းဒေသထဲက လေတပ်စခန်း တခုမှာ အခြေစိုက်ထားတဲ့ တိုက်လေယာဉ်တွေဟာ လေယာဉ်ရုံတွေထဲမှာ ရှိနေပေမယ့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့တာလို့ လေတပ်က ပြောပါတယ်။

 ဒါပေမဲ့ လေယာဉ်တွေရဲ့ ကိုယ်ထည် အပေါ်ယံလောက် ထိခိုက်မှုတွေသာ ဖြစ်ခဲ့တာလို့ ယူဆရပြီး ရက်ပိုင်းအတွင်း စစ်ဆင်ရေးတွေ ပြန်လည် တာဝန်ထမ်းဆောင်နိုင်ဖို့ လေတပ်က မျှော်လင့်ထားပါတယ်။

 ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ကနဦးအဆင့် ပြုပြင်မှုတွေကို နာရီပိုင်းအတွင်း အပြီးသတ်နိုင်ခဲ့ပြီး ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့ တိုက်လေယာဉ်တွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

 အထူးသဖြင့် ငလျင်ကြောင့် လှုပ်ခါချိန်မှာ တွယ်ဆက်ထားတဲ့ လှေကားတွေနဲ့ ခိုက်မိလို့ လေယာဉ်ကိုယ်ထည်နဲ့ မီးလုံးတွေ ပျက်စီးတာမျိုးလောက်သာ ကြုံခဲ့တာလို့ ဝန်ကြီးဌာနက ဆိုပါတယ်။ တရုတ် တိုက်လေယာဉ်တွေရဲ့ အချိန်ပြည့် ခြိမ်းခြောက်မှုကြောင့် ထိုင်ဝမ် F-16တွေရဲ့ ကိုယ်ထည်မှာ လှေကားတွေကို အသင့်တပ်ဆင်ထားလေ့ ရှိတာပါ။

 ထိုင်ဝမ်လေတပ်မှာ F-16 တိုက်လေယာဉ် အစီး ၁၄၀ ကျော်လောက် ရှိနေတယ်လို့ ယူဆရပြီး နည်းပညာပိုင်း အဆင့်မြှင့်တင် မွမ်းမံမှုတွေကို အစဉ်တစိုက် လုပ်ဆောင်နေခဲ့ကြောင်း သိရပါတယ်။

 Ref: CNN