အမေရိကန်မှာ ဝက်ကျောက်ကပ်နဲ့ အစားထိုးကုသမှု ပထမဆုံးအကြိမ် အောင်မြင်

ဧပြီ ၊ ၄

ပြုပြင်ပြောင်းလဲထားတဲ့ ဝက်ကျောက်ကပ်ကို အစားထိုး ကုသမှု ခံယူထားတဲ့ အမျိုးသား တဦး ပထမဆုံးအကြိမ် ချောချောမောမော ဆေးရုံဆင်းသွားပြီလို့ အမေရိကန် ဆရာဝန်တွေက ပြောပါတယ်။

 အသက် ၆၂ နှစ်အရွယ် ရစ်ချတ် စလေးမန်းဟာ ဆေးပညာ သမိုင်းကြောင်းမှာ အထင်ကရ ခွဲစိတ်ကုသမှုကြီး ခံယူပြီးတဲ့နောက် ကျန်းမာရေး အခြေအနေ တိုးတက်လာပြီ ဖြစ်တာကြောင့် ဧပြီ ၃ ရက်မှာ မက်ဆာချူးဆက် ဗဟိုဆေးရုံကြီး (MGH)ကနေ အိမ်ပြန်သွားတာ ဖြစ်ပါတယ်။

 သူဟာ မတ်လလယ်က ၄ နာရီကြာ ခွဲစိတ်မှု ခံယူပြီး မျိုးဗီဇ ပြင်ဆင်ပြောင်းလဲထားတဲ့ ကျောက်ကပ် အစားထိုးပြီး ကုသမှုကို ခံယူခဲ့တာ ဖြစ်ပါတယ်။ အရင်ကလည်း အမေရိကန်မှာ ပြုပြင်ပြောင်းလဲထားတဲ့ ဝက်ကျောက်ကပ်ကို လူသားတွေဆီမှာ အစားထိုးပေးတာမျိုး ရှိခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

 ဘော်စတွန်မှာရှိတဲ့ MGH အတွက်တော့ ဆလေးမန်းကို အောင်အောင်မြင်မြင် ကုသပေးနိုင်ခြင်းဟာ သမိုင်းဝင် အောင်မြင်မှု တခုလည်း ဖြစ်လာပါတယ်။ အခုအခါမှာ ဆလေးမန်းရဲ့ အစားထိုးထားတဲ့ ကျောက်ကပ်ဟာ ပုံမှန်အတိုင်း လုပ်ငန်းလည်ပတ်နေပြီး ကျောက်ကပ်ဆေးတဲ့ ကုသမှုတွေ ခံယူနေစရာလည်း မလိုတော့ဘူးလို့ သိရပါတယ်။

 ဆလေးမန်းက ဆေးရုံကနေ ကျန်းကျန်းမာမာ ပြန်ဆင်းလာနိုင်တာဟာ သူ့ဘဝရဲ့ အပျော်ဆုံး အခိုက်အတန့်တခု ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အခုတော့ ကျောက်ကပ်ပုံမှန် ဆေးနေရတဲ့ ဝန်ထုပ်ဝန်ပိုးကြီး ကင်းဝေးသွားပြီး သူ့ဘဝကို မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ချစ်ခင်သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားတော့မယ်လို့လည်း သူက ပြောပါတယ်။

 သူဟာ ၂၀၁၈ တုန်းက ကွယ်လွန်သူ အလှူရှင် တဦးဆီကနေ ရရှိတဲ့ ကျောက်ကပ် အစားထိုး ကုသမှု ခံယူခဲ့ဖူးပေမယ့် တနှစ်အကြာမှာ အဲဒီကျောက်ကပ်က အဆင်မပြေတော့ဘဲ ဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ ဆရာဝန်တွေက သူ့ကို ပြုပြင်ထားတဲ့ ဝက်ကျောက်ကပ်နဲ့ အစားထိုးပေးဖို့ စိတ်ကူးရလာခဲ့ပါတယ်။

 အဲဒီ ဝက်ကျောက်ကပ်ကို ကင်းဘရစ်ဂျ်မှာရှိတဲ့ ဆေးသိပ္ပံ လုပ်ငန်း eGenesisက တာဝန်ယူ ပြုပြင် ဖန်တီးပေးခဲ့ပါတယ်။ လူ့ခန္ဓာကိုယ်အတွက် ဒုက္ခပေးနိုင်မယ့် ဝက်မျိုးဗီဇ ဆဲလ်တွေကို အနုစိတ် ဖယ်ရှားပြီး လူသားတွေနဲ့ ကိုက်ညီမယ့် ဗီဇဆဲလ်တွေကို ပြန်လည် ပေါင်းစပ်ပေးခဲ့တာ ဖြစ်ပါတယ်။

 eGenesisက အဲဒီလို မျိုးဗီဇ ပြင်ဆင်ပြောင်းလဲထားတဲ့ ဝက်ကျောက်ကပ်ကို ဖန်တီးဖို့အတွက် ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း စဉ်ဆက်မပြတ် လေ့လာ ဆန်းစစ်မှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

 အမေရိကန် အန်ဂျီအို အဖွဲ့အစည်း တခုဖြစ်တဲ့ United Network for Organ Sharingရဲ့ အဆိုအရ အမေရိကန် နိုင်ငံသား တသိန်းကျော်ဟာ အသက်ဆက် ရှင်သန်ဖို့အတွက် ကိုယ်တွင်း ကလီစာ အစားထိုး ခွဲစိတ်မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

 Ref: BBC