နျူကလီးယား လက်နက်တွေကို တောင်ကိုရီးယား စစ်တပ် ကိုင်တွယ်လေ့ကျင့်ခွင့်ပြုမယ် ဆိုတာကို ဘိုင်ဒန်ငြင်း

အမေရိကန်ရဲ့ နျူကလီးယား လက်နက်တွေ ကိုင်တွယ်မှုကို တောင်ကိုရီးယားနဲ့ ပူးတွဲ လေ့ကျင့်ရေး ဆွေးနွေးနေတယ် ဆိုတာကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ငြင်းဆိုသွားခဲ့ပါတယ်။

အစောပိုင်းမှာ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုက သူဟာ အမေရိကန်ရဲ့ နျူကလီးယား လက်နက်တွေကို တောင်ကိုရီးယား စစ်တပ်ကပါ ကိုင်တွယ်နိုင်ရေး လေ့ကျင့်မှုတွေ အကောင်အထည်ဖော်ဖို့ ဘိုင်ဒန်နဲ့ ဆွေးနွေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ခရီးစဉ် တစ်ခုကနေ အိမ်ဖြူတော်ကို ပြန်ရောက်လာတဲ့ ဘိုင်ဒန်ကို သတင်းထောက် တစ်ယောက်က နျူကလီးယား လက်နက်တွေ ကိုင်တွယ်ရေးကိစ္စ တောင်ကိုရီးယားကို ပူးတွဲ လေ့ကျင့်ခွင့် ပေးမယ်ဆိုတာ ဟုတ်သလားလို့ လှမ်းမေးတဲ့အခါ ဘိုင်ဒန်က မဟုတ်ကြောင်း တစ်ခွန်းတည်း ပြန်ဖြေခဲ့ပါတယ်။ ပြီးတော့ အဲဒီမေးခွန်းနဲ့ ပတ်သက်လို့ မယုံကြည်နိုင်သလိုမျိုးတောင် သတင်းထောက်ကို လှမ်းကြည့်သွားပါသေးတယ်။

ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်အောက်ခံ အရာရှိတွေ ဆွေးနွေးနေတာကို ဘိုင်ဒန်က မသိသေးတာရော မဖြစ်နိုင်ဘူးလားဆိုတဲ့ တုံ့ပြန် မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် ပူးတွဲလေ့ကျင့်ရေးကိစ္စ ဖြစ်မြောက်တော့မယောင် ပြောခဲ့မိတဲ့ တောင်ကိုရီးယား သမ္မတ အတွက်တော့ ဘိုင်ဒန်ရဲ့ ငြင်းဆိုမှုက မျက်နှာပျက်စရာ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ မေလမှာ သမ္မတ ဖြစ်လာတဲ့ ယွန်ဟာ ဘိုင်ဒန်နဲ့ ဆက်နွှယ်ပြီး အရှက်ရစရာမျိုး ကြုံခဲ့တာ အခုတစ်ကြိမ် ပထမဆုံးတော့ မဟုတ်ပါဘူး။

စက်တင်ဘာလတုန်းကလည်း တကယ်လို့ ဘိုင်ဒန်ရဲ့ ကမ္ဘာ့ကျန်းမာရေး ပရောဂျက် အဆိုပြုမှုတွေကို အမေရိကန် လွှတ်တော် အမတ်တွေက ပယ်ချခဲ့မယ်ဆိုရင် ဘိုင်ဒန်ကို အရှက်ခွဲသလို ဖြစ်လိမ့်မယ်လို့ ယွန်ရဲ့ သိုသိုသိပ်သိပ် ပြောဆိုမှုဟာ မိုက်ခရိုဖုန်းကနေတဆင့် အသံအကျယ်ကြီး ထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ယွန်ဟာ အမေရိကန် အမတ်တွေကို အရူးအနှမ်းတွေလို့ သုံးနှုန်းမိခဲ့လို့ အတော်လေး ဝေဖန် ခံခဲ့ရပါသေးတယ်။

ယွန်ဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်ရင် တင်းမာတဲ့ သဘောထား မူဝါဒတွေကို လက်ကိုင်ထားပြီး ရွေးကောက်ပွဲ အနိုင်ရလာသူ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မြောက်ကိုရီးယား အစိုးရက တောင်ကိုရီးယားဟာ ခြွင်းချက်မရှိ ရန်သူနိုင်ငံတစ်ခု ဖြစ်လာပြီလို့ သဘောထား ထုတ်ပြန်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တိုက်ကို ပိုမိုချဲ့ထွင်သွားမယ်လို့ ကြေညာထားပါတယ်။