စင်ကာပူမှာ ဗလီထဲ ဝက်သား တမင် ထားခဲ့တဲ့ အစားအသောက် ပို့ဆောင်သူ ထောင်ဒဏ် ချမှတ်ခံရ

ဧပြီ ၊ ၄

စင်ကာပူနိုင်ငံမှာ ဝက်သား စည်သွပ်ဘူးတွေကို ဗလီထဲမှာ ရည်ရွယ်ချက်ရှိရှိ ထားခဲ့တဲ့ အစားအသောက် ပို့ဆောင်သူ တဦးကို ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။

 အသက် ၃၀ အရွယ် အီယန်ဖိုဟာ မွတ်ဆလင်တွေက ဝက်သားမစားမှန်း သိသိလျက်နဲ့ အဲဒီလုပ်ရပ်ကို တမင် ကျူးလွန်ခဲ့တာလို့ တရားရုံးက စွပ်စွဲခဲ့ပါတယ်။ သူဟာ စူပါမားကက် တခုကနေ ဝက်သား စည်သွပ်ဘူး နှစ်ဘူးကို ခိုးယူလာပြီး မြောက်ပိုင်း ဘီဒေါ့ခ် အရပ်မှာရှိတဲ့ မက်စ်ဂျစ် အယ်လ်အန်ဆာ ဗလီရဲ့ ဝင်ပေါက်က အစားအသောက်တင်ရာ စင်မှာ ချန်ထားခဲ့တာ ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့နှစ်၊ မေလ ၁၅ ရက်နေ့က ဖြစ်စဉ်ဟာ မွတ်ဆလင်တွေကို ဒေါသထွက်စေခဲ့ပြီး နောက်ဆက်တွဲ စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့တာပါ။ သူဟာ စင်ကာပူဒေါ်လာ ၉.၅ တန်ဖိုးကျသင့်တဲ့ ဝက်သား စည်သွပ်ဘူးတွေကို ငွေကြေးပေးချေခြင်း မရှိဘဲ စူပါမားကက်ကနေ အလစ်သုတ်လာခဲ့တာ ဖြစ်ပါတယ်။

 နောက်တော့ စက်ဘီးစီးပြီး ဗလီကို သွားခဲ့ပြီး ညပိုင်းမှာ အဲဒီဘူးတွေကို ချန်ထားခဲ့တာ ဖြစ်ပါတယ်။ ဧပြီ ၄ ရက်မှာတော့ စင်ကာပူ တရားရုံး တခုက ဖိုကို ခိုးမှုအတွက်ရော၊ ဘာသာပေါင်းစုံ ညီညွတ်မှုကို ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်မှု အတွက်ပါ ထောင်ဒဏ် သီတင်း ၁၂ ပတ် ကျခံဖို့ အမိန့်ချလိုက်ပါတယ်။

 တရားခံက အစ္စလာမ် ဘာသာရေးမှာ ဝက်သားစားမှုကို တားမြစ်ထားတာကိုရော၊ သူ့လုပ်ရပ်ကြောင့် မွတ်ဆလင်တွေ ဒေါသထွက်မယ် ဆိုတာကိုပါ သိသိကြီးနဲ့ တမင်လုပ်ခဲ့တာလို့ တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။

 ဖိုကတော့ သူဟာ ခေါင်းထဲမှာ ပေါ်လာတဲ့ အသံတခုရဲ့ ညွှန်ကြားချက်အတိုင်း မွတ်ဆလင်တွေ ဒေါသထွက်အောင် လုပ်ခဲ့တာလို့ စုံစမ်းရေး အရာရှိတွေကို ပြောပါတယ်။ ဆေးဖက်ဆိုင်ရာ မှတ်တမ်းဟောင်းတွေအရ ဖိုဟာ အရင်ကလည်း အဲဒီလိုမျိုး အသံတခုက ညွှန်ကြားမှုတွေကို ရရှိခဲ့တယ်ဆိုတာမျိုး ပြောဆိုတဲ့ နှစ်ကြိမ်လောက် အနည်းဆုံး ရှိခဲ့ဖူးပြီး တကြိမ်မှာဆိုရင် သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ပြောနေတာကိုပါ ကြားခဲ့ရတယ်လို့ ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။

 ခရိုင် တရားသူကြီး ကန်းနက်သ် ချင်းန်က ဖိုရဲ့ လုပ်ရပ်ဟာ ဘာသာရေးအရ အထွဋ်အမြတ်ထားရာ နေရာတခုကို စော်ကားပြုမူတဲ့ အဓိပ္ပါယ်လည်း ရောက်နေတာကြောင့် ခွင့်လွှတ်ဖို့ ခက်တယ်လို့ ဝေဖန်ပြောကြားသွားပါတယ်။ 

Ref: CNA