ရှမ်းတောင်တိုက်ပွဲ နှစ်လကျော်အတွင်း အရပ်သား ငါးဆယ်ကျော် သေဆုံး

ဧပြီ ၊ ၃
 
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ဟိုပုံး၊ ဆီဆိုင်နဲ့ ပင်လောင်း မြို့နယ် တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်ကနေ မတ်လ ၃၀ ရက်အထိ နှစ်လကျော်တာကာလအတွင်း စစ်ကောင်စီ တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား ထိတွေ့ တိုက် ပွဲတွေအတွင်း အရပ်သား ပြည်သူ ၅၅ ဦးသေဆုံး ခဲ့တယ်လို့ပအိုဝ်းလူငယ်အစည်းအရုံးရဲ့အချက်အလက်တွေအသိရပါတယ်။
 
အဲဒီသေဆုံးသူတွေထဲမှာ အသက် ခြောက်လကနေ ဆယ် နှစ်အရွယ် ကလေးငယ် ငါးဦး ပါ၀င်ပြီး လေကြောင်း တိုက်ခိုက်မှုကြောင့်သေဆုံးရသူအများဆုံးပါဝင်ကာ
လက်နက်ကြီးထိမှန်မှုကြောင့်သေဆုံးသူကတော့ ဒုတိ ယအများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
 
နှစ်ဘက်တိုက်ပွဲတွေအတွင်း စစ်တပ်က ပအိုဝ်းဒေသကို လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၄၅၀ ကျော် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုပေါင်း ၂၃၀၀ ကျော်အထိ ပြုခဲ့တဲ့အတွက် အရပ်သား သေဆုံး မှုနဲ့ ငါးဆယ်ရာခိုင်နှုန်းက လေကြောင်းဗုံးကြဲမှု ကြောင့် ဖြစ်ပြီး နေအိမ်အဆောက်အဦး ပျက်ဆီးမှုရဲ့ ရှစ်ဆယ် ရာခိုင်နှုန်းကတော့ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
 
စစ်တပ်ရဲ့ အရပ်သားနဲ့ စစ်ရေးပစ်မှတ် ခွဲခြားမှုမရှိဘဲ ပစ် ခတ်မှုတွေကြောင့် အရပ်သား ပြည်သူ ၆၈ ဦးထိခိုက်ဒဏ် ရာရခဲ့သလို နေအိမ် အဆောက်အဦးပေါင်း ၅၇၁ လုံးအ ထိ ထိခိုက်ပျက်ဆီးသွားခဲ့ရပြီး ဘာသာရေးအဆောက် အဦတွေ ဆေးရုံ၊ ဆေးခန်းတွေလည်း ပါ၀င်တယ်လို့ ဆိုပါတယ်။
 
ဒါအပြင် တိုက်ပွဲတွေကြောင့် ဆီဆိုင်မြို့က လူဦးရေ လေးသောင်းငါးထောင် ၊ ပင်လောင်းမြို့က လူဦးရေ ၁၅၀၀၀ နဲ့ ဟိုပုံးမြို့က လူဦးရေ ၄၆၅၀ စုစုပေါင်းလူ ဦးရေ ၆၄၅၆၀ ဦးအထိ စစ်ဘေးရှောင်နေရသေးတယ်လို့ ဆိုထားပါတယ်။
 
ပအိုဝ်းလူငယ်အစည်းအရုံး တာ၀န်ရှိသူတဦးကတော့ ဒီ ရက်ပိုင်းအတွင်း စစ်ဘေးရှောင်တချို့ နေရပ်ပြန်တာ တွေရှိသလိုလက်နက်ကြီးပစ်ခတ်မှုတွေရှိနေသေးတဲ့အတွက် နေရပ်မပြန်နိုင်သေးသူတွေလည်းရှိသေးတယ်လို့ ပြောပါတယ်။
 
“ အခြေအနေက တဒေသနဲ့ တဒေသမတူဘူး၊ ဟိုပုံး မြို့နယ်က စစ်ဘေးရှောင်တွေ ပြည်သူအများစုကတော့ ကိုယ်ရဲ့ နေရပ်ကို ပြန်ရောက်ကြပြီးဖြစ်တယ်၊ ပင်းလောင်ဘက်မှာကျတော့ အများစုက ပြန်ရောက်ကြ တယ်ဆိုပေမယ့် နမ့်တုန်တို့ နမ့်ဟိုဖက်တော့ စစ်ကောင် စီက လက်နက်ကြီးပစ်ခတ်မှုဆက်ရှိနေသေးလို့ ဒေသခံ ပြည်သူအများစု ထွက်ပြေးနေရဆဲဖြစ်တယ် ” လို့ သူကပြောပါတယ်။
 
အလားတူပဲ ဆီဆိုင်မြို့မှာလည်း ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှု နည်းပါးတာကြောင့် ဒေသခံ တချို့ ကိုယ်ရဲ့ ရပ်ရွာနဲ့ နေအ်ိမ်တွေကို ပြန်လည်ကြည့်ရှုတာ တွေရှိတယ်လို့ သူကဆက်ပြောပါတယ်။
 
“ဒေသတခုလုံးနဲ့ ကြည့်မယ်ဆိုရင် တည်ငြိမ်နေတဲ့ အနေ အထားမဟုတ်သေးတဲ့အတွက် ဆီဆိုင်မြို့နယ် တွေမှာ ဖြစ်တဲ့ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေကတော့ အခုထိ နေအိမ် နေရပ်ကို ပြန်လာနိုင်တဲ့ အခြေအနေမရှိသေးဘူး၊ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မြေပြင်တိုက်ပွဲ တည်ငြိမ်တော့ စစ်ရှောင်တွေက ကိုယ်ရဲ့ နေအိမ် ရပ်ရွာကို ပြန်ကြည့်တာမျိုးလုပ်ကြတယ်။ ဒါကြောင့် မိုင်းတွေ စစ်ကျန်လက်နက်ပစ္စည်းတွေ နင်းမိပြီး ထိခိုက်ဒဏ်ရာရတဲံ့ ပြည်သူတွေ တွေ့လာရတယ်” လို့ သူကပြောပါတယ်။
 
ဒီလ ၁ ရက်နေ့က ဆီဆိုင်မြို့အတွင်းကို စစ်တပ်ကို အကြောင်းကြားပြီး ၀င်ရောက်ကြည့်တဲ့ ဒေသခံ တွေအနက် အမျိုးသားတဦးဟာ မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ နင်းမိုင်းတခုကို ထိခိုက်မိတာကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ခြေထောက်တဖက် ဆုံးရှုံးသွားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
စစ်ကောင်စီတပ်ကတော့ ဆီဆိုင်မြို့ကို ဌာနပြည်သူစစ်တွေ ဒေသခံတွေနဲ့ပူးပေါင်းပြီး ပြန်လည်ထိုးစစ်ဆင်ပြီးနောက် မတ်လ ၂၅ ရက်နေ့မှာ မြို့ကို ပြန်လည်ထိန်းချူပ်နိုင်ခဲ့ပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေနဲ့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဒါပေမယ့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA) ကတော့ အရပ်သားတွေအနေနဲ့ အခုကာလမှာ ဆီဆိုင်မြို့ထဲ ၀င်ရောက်မယ်ဆိုရင် စစ်ကောင်စီရဲ့ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းခံရနိုင်သလို မလိုလားအပ်တဲ့ ထိခိုက်မှုတွေလည်း ဖြစ်လာနိုင်တာကြောင့် တရား၀င် ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ကြဖို့ အသိပေးထားပါတယ်။
 
ဓာတ်ပုံ – PNLA
ပုံစာ – မြို့တွင်းတိုက်ပွဲတွေဖြစ်ပြီးနောက် တွေ့ရတဲ့ ဆီဆိုင်မြို့အခြေအနေ