နေပြည်တော်စစ်ရုံးချုပ်နဲ့ အေလာလေတပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG ထုတ်ပြန် ဒရုန်းတွေဝင်ရောက်လာလို့ ပစ်ချခဲ့တယ်လို့ စစ်ကောင်စီဆို

ဧပြီ ၊ ၄ 

စစ်ကောင်စီရုံးစိုက်ထားတဲ့ နေပြည်တော်ရှိ စစ်ရုံးချုပ်(ကက-ကြည်း) နဲ့ အေလာလေတပ်တွေကို ဒရုန်း တွေနဲ့ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုတွေရှိနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာ ကွယ်ရေးဝန်ကြီးဌာန ရဲ့ စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့ ၊ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်နဲ့  ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့  ၊ ရှာထူးဝေါ် နည်းပညာ တပ်ဖွဲ့ရဲ့ Lethal Prop  တပ်ခွဲက အေလာလေတပ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဒီနေ့ဆယ်နာရီလောက်မှာနပတစစ်ရုံးချုပ်နဲ့နပတလေယာဉ်ကွင်းကိုတပြိုင်တည်းတိုက်ခိုက်တာအတည်ပြုပါတယ်၊ထိရောက်မှုမသိသေးပါဘူး “ လို့ နေပြည်တော်PDFသတင်းအရင်းအမြစ် တဦးကပြောပါတယ်။  

အဲဒီတိုက်ခိုက်မှုဖြစ်စဉ်အတွက် ဒရုန်း ၂၉ စီးအသုံးပြုခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပက်သက်ပြီး စစ်ကောင်စီကတော့ နေပြည်တော်လေဆိပ်ရဲ့ အရှေ့ဘက်ကနေ ဒရုန်း လေးစီး ၊ဇေယျာသီရိမြို့နယ် အရှေ့တောင်ဘက်ကနေ ဒရုန်းသုံးစီး ပျံသန်းဝင်ရောက်လာလို့ လေကြောင်းရန်ကာ ကွယ်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇေယျာသီရိမြို့နယ်ဟာ စစ်ကောင်စီရဲ့ စစ်ရုံးချုပ်အခြေစိုက်တဲ့မြို့နယ်ဖြစ်ပါတယ်။ဖြစ်စဉ်နှစ်ခုလုံးမှာ လူနဲ့ အဆောက်အဦးထိခိုက်ပျက်ဆီးမှူမရှိဘူးလို့လည်းစစ်ကောင်စီက ဆိုထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ နေပြည်တော်ဒေသခံတချို့ကို DNA ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပေါက်ကွဲသံ ကြားရတာမျိုးမရှိဘူးလို့ ပြောပါတယ်။