ထိုင်ဝမ်မှာ လူနေအထပ်မြင့် တိုက်ခန်းမီးလောင်လို့ လူ ၄၆ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။

ထိုင်ဝမ်တောင်ပိုင်းဒေသတစ်ခုမှာ လူနေ အထပ်မြင့်တိုက်ခန်း မီးလောင်လို့ လူ ၄၆ ဦးသေဆုံးပြီး လူဒါဇင်ချီ ဒဏ်ရာရရှိခဲ့တယ်လို့ ဝါရှင်တန်ပို့စ်သတင်းဌာနက ကနဦး ဖော်ပြပါတယ်။

အဲ့ဒီလူနေတိုက်ခန်းဟာ အချိန်အတော်ကြာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး လောင်ကျွမ်းမှုဟာ ဘယ်ကနေ စတင်သလဲဆိုတာကိုတော့ လက်ရှိမှာ စုံစမ်းနေပါတယ်။

အထပ် ၁၃ ထပ်ပါ အထပ်မြင့် တိုက်ခန်းဟာ ဒေသစံတော်ချိန် မနက်သုံးနာရီအချိန်မှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးက တအားပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။

ဒေသခံမီးသတ်သမားတွေဟာ မီးငြှိမ်းသတ်မှုနဲ့ ကယ်ဆယ်ရေးတွေကို မွန်းလွဲပိုင်းလောက်အထိ လုပ်ဆောင်ခဲ့ရတယ်လို့ မီးသတ်အရာရှိတစ်ဦးက ပြောပါတယ်။

မျက်မြင်သက်သေအချို့ကလည်း မီးလောင်နေချိန်မှာ ပေါက်ကွဲမှုတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဖွင့်ဟပါတယ်။

အခုလောင်ကျွမ်းသွားတဲ့ အထပ်မြင့်အဆောက်အအုံဟာ နှစ်ပေါင်း ၄၀ လောက်အထိ သက်တမ်းရှိနေပြီး စျေးဆိုင်ခန်းတွေပါ ဖွင့်လှစ်ထားတာပါ။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကတော့ လက်ရှိမှာ မီးဘေးသင့် ထိုင်ဝမ်ပြည်သူတွေနေထိုင်ရေး ကိစ္စတွေအပြင် မီးလောင်ကျွမ်းတဲ့ ဖြစ်ရပ်ကိုပါ အပြည့်အစုံ စုံစမ်းဖို့ အာဏာပိုင်တွေကို မှာကြားထားပါတယ်။

ဒီမီးလောင်ကျွမ်းမှုအတွက် မီးငြှိမ်းသတ်နိုင်ဖို့ မီးသတ်သမား ၁၄၅ ဦးနဲ့ မီးသတ်ကား ၇၂ စီးလောက်ကို အသုံးပြုခဲ့ရပါတယ်။

Photo – Taiwan News