အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချမှုအပေါ် တန်ပြန်အရေးယူသွားမယ်လို့ တရုတ် သတိပေး

Photo – Getty Images

ထိုင်ဝမ်ကို ဒေါ်လာ ၁ ဒဿမ ၁ ဘီလီယံကျော် တန်ဖိုးရှိတဲ့ လက်နက်တွေရောင်းချပေးဖို့ ဘိုင်ဒန်အစိုးရက ခွင့်ပြုပြီးတဲ့နောက် တန်ပြန်အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ တရုတ်က အမေရိကန်ကို သတိပေးလိုက်ပါတယ်။

ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေတဲ့ ခုလိုလက်နက်ရောင်းချတာကို တရုတ်က ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ဒါကို ချက်ချင်း ရုပ်သိမ်းပေးဖို့ အမေရိကန်ကို တောင်းဆိုခဲ့တယ်လို့ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ Liu Pengyu က စက်တင်ဘာလ ၃ရက်နေ့မှာ ပြောပါတယ်။

သင်္ဘောဖျက်ဒုံးကျည် အစင်း ၆၀ နဲ့ ဝေဟင်ပစ်ဒုံးကျည် အစင်း ၁၀၀ ပါဝင်တဲ့ လက်နက်ရောင်းချဖို့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ကွန်ဂရက်လွှတ်တော်ကို ဘိုင်ဒန်အစိုးရက စက်တင်ဘာ ၂ရက်နေ့မှာ တရားဝင် တင်သွင်းပြီးတဲ့နောက် တွစ်တာပေါ်မှာ Liu ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လက်နက်ရောင်းချတာက ထိုင်ဝမ်ကျွန်းကို ကာကွယ်ရေးလက်နက်တွေ ထောက်ပံ့ပေးဖို့ ကာလ ရှည်ကြာရှိနေပြီ ဖြစ်တဲ့ အမေရိကန်ရဲ့မူဝါဒနဲ့ အညီ ရောင်းချတာဖြစ်ပြီး အဲဒီလက်နက်တွေ လျင်လျင်မြန်မြန် ထောက်ပံ့ပေးတာက ထိုင်ဝမ်ရဲ့ လုံခြုံရေးအတွက် မရှိမဖြစ် လိုအပ်တယ်လို့  အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒါပေမယ့် တရုတ်ကတော့ သူ့ရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်ဆိုပြီး အမေရိကန်ကို စွပ်စွဲထားတာလည်း ဖြစ်ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို သူ့ရဲ့သင်းကွဲပြည်နယ်တစ်ခုအနေနဲ့သာ သတ်မှတ်ထားတာ ဖြစ်ပြီး ထိုင်ဝမ်ကို အနောက်နိုင်ငံက အဆင့်မြင့်အရာရှိတွေ လာရောက်တာတွေကိုတောင် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ 

ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီ လာရောက်လည်ပတ်ပြီး နောက်မှာလည်း တရုတ်က ထိုင်ဝမ်ကျွန်းအနီးမှာ အကြီးဆုံး စစ်ရေးလေးကျင့်မှုတွေပြုလုပ်ပြီး ခြိမ်းခြောက်ခဲ့ပါသေးတယ်။

Delta News

Read Previous

ရန်ကုန်မြို့နယ်တချို့မှာ ပေါက်ကွဲမှုနဲ့ ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့

Read Next

ကမ္ဘာ့အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းချဉ်းကပ်လာချိန် တရုတ်နဲ့ ဂျပန်မှာ လေယာဉ်ခရီးစဉ်တွေဖျက်သိမ်း