ပြာမကျသေးတဲ့ အိမ်တွေကို အကြမ်းဖက်စစ်တပ် နောက်တစ်ကြိမ် မီးရှို့

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊၅၆မိုင်စခန်းရွာက ပြာမကျသေးတဲ့အိမ်တွေကို အကြမ်းဖက်စစ်တပ်က ထပ်မံ မီးရှို့တယ်လို့ သိရပါတယ်။

အိမ်ခြေ၄၀လောက်ရှိတဲ့ ၅၆မိုင်စခန်းရွာကို အောက်တိုဘာ၁၂ရက်နေ့ည ၆နာရီခွဲလောက်မှာ စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးလုယက်ခဲ့ခြင်းဖြစ်ပြီး တစ်ဝက်တပျက်သာလောင်သေးတဲ့အိမ်တွေကို နောက် ထပ်ရောက်လာတဲ့စစ်တပ်ကဒီနေ့မှာ  ထပ်မီးရှို့ခဲ့တာလို့ ဒေသခံပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးကပြောပါ တယ်။

‘၁၂ရက်တုန်းက မီးရှို့တဲ့စစ်တပ်က ဂန့်ဂေါကနေ ဆင်းလာတဲ့တပ်။၅၆မိုင်ဆိုတာ ပုလဲ-ဂန့်ဂေါလမ်းပေါ်မှာပဲဆို တော့ ၅၆မိုင်မှာ စခန်းချရင်း ရှို့တာ။ပြီးတော့ အရပ်လေးမျက်နှာကို လက်နက်ကြီးနဲ့လျှောက်ပစ်တယ်’လို့ သူက ပြောပါတယ်။

ယမန်နေ့ညနေပိုင်းက ၅၅မိုင်စခန်းရွာကို ရောက်ရှိစခန်းချနေတဲ့ အင်အား၇၀ကျော်ရှိတဲ့ အကြမ်းဖက်စစ်တပ် ဟာ ထပ်မံမီးရှို့ပြီး ညဘက်မှာလက်နက်ကြီးနဲ့ အရပ်လေးမျက်မှာကို ပစ်ခတ်ခြောက်လှန်ခဲ့တယ်လို့ သိရပါတယ်။

‘မနေ့ညကတည်း ၅၅မိုင်မှာ စစ်တပ်စခန်းချတယ်။တခြားရွာတွေကို ထပ်မီးရှို့တာ၊ဒုက္ခပေးတာတော့ ခုထိမရှိသေး ဘူး။’လို့ သူကဆိုပါတယ်။

ပုလဲမြို့နယ်အတွင်းရှိ ပုလဲ-ဂန့်ဂေါ ကားလမ်းမဘေးမှာ ၅၅၊၅၆၊၅၇၊၅၈၊၅၉၊အင်တောပြန့်၊ခင်အေးနဲ့ ပုံတောင် နတ်ထိပ်ရွာတို့ဟာ ပုလဲ-ဂန့်ဂေါ ကားလမ်းမဘေးမှာ အတန်းလိုက်တည်ရှိပြီး အဲဒီရွာအားလုံးဟာ အောက်တိုဘာ ၉ရက်နေ့ကတည်းက ရွာကိုစွန့်ပြီး တိမ်းရှောင်နေကြတာပါ။

‘၅၆မိုင်ရွာတုန်းက စစ်တပ်လာလို့ တစ်ရွာလုံးပြေးနေတဲ့အချိန် ရွာလုံးကျွတ်မီးရှို့သွားကြတာ။အခုကတော့ တခြား ရွာတွေမှာ လူမရှိကြပေမဲ့ ဘာမှမလုပ်သေးဘူး။ဘာမှမလုပ်ဘူးဆိုတာ ဘယ်သူမှ အာမမခံနိုင်လို့ ဘယ်သူမှ ရွာထဲ ပြန်မလာရဲဘူး။တောထဲဖြစ်သလိုနေကြရတာ’လို့ ဒေသခံပြောက်ကျားတပ်ဖွဲ့ဝင်ကဆိုပါတယ်။

ပုံတောင်နတ်ထိပ်ရွာဟာ ပုလဲမြို့နယ်အဆုံးရွာဖြစ်ပြီး အဲဒီရွာရဲ့ ဟိုဘက်ဟာ ဂန့်ဂေါမြို့နယ်အပိုင်ဖြစ်ပါတယ်။