ပြင်စလူမှာ စစ်အုပ်စုက ရေလုပ်သားတွေကို ဆက်ကြေးတောင်း ငွေညှစ်နေ

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။

ဧရာဝတီတိုင်း ၊ လပွတ္တာမြို့နယ် ပြင်စလူမြို့မှာ အကြမ်းဖက်စစ်အုပ်စုက ငါးဖမ်း၊ကဏန်းထောင် လုပ်ကိုင်နေတဲ့ ရေလုပ်သားတွေကို ဆက်ကြေးတောင်းခံနေပြီး မပေးပါက ပစ်မယ်လို့ပါ ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ကဏန်းထောင် တစ်ယောက်စီး လှေတစ်စီးကို တစ်လကို တစ်သိန်း၊ ကမ်းနီး ငါးဖမ်းစက်လှေငယ်တစ်စီးကို တစ်လ ၈သိန်းပေးဆောင်ခိုင်းနေပြီး ပေးဆောင်ခြင်းမပြုပါက လုပ်ငန်းမလုပ်ဆောင်ရဘူးလို့ တားမြစ်ထားကြောင်း ဒေသခံတွေထံက သိရပါတယ်။

“ကဏန်းလှေတစ်စီးကို တစ်သိန်း၊ ဖားကူးတစ်စီးကို ၈သိန်းတောင်တောင်းတယ်၊ အဲ့ဒါကို မပေးနိုင်ရင် လှေမထွက်ရဘူးဆိုတော့ ကြံဖန်ရှာပေးရတာပဲ၊ အခုချိန်က ကဏန်းစျေးတွေရော ငါးစျေးတွေရောက ကောင်းတာမဟုတ်တော့ အကုန်ဒုက္ခရောက်တာပေါ့ နာဂစ်ဒေသဆိုတော့ သိတဲ့အတိုင်းပဲ ဘာအလုပ်မှလဲမရှိဘူး အဲ့ဒါကို ပေးဖို့ ဘယ်တတ်နိုင်မပေးရင် မထွက်ရဘူး ခိုးထွက်ရင် ပစ်မယ်လို့ ပြောတော့ အကုန်ကြောက်နေရတယ်”လို့ ပြင်စလူဒေသခံတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ဝက်လေလံလိုင်စင်ရရှိထားသူတွေကိုလည်း ကျေးရွာတွေမှာ ဝက်ပေါ်ခွင့်မပေးဘဲ ပြင်စလူမြို့အထိ ဝက်ကိုသယ်ယူလာကာ တစ်ကောင်ကို သုံးသောင်းကျပ်ပေးဆောင်ပြီးမှသာ ဝက်ပေါ်ခွင့်ပေးတယ်လို့ ဆိုပါတယ်။

“ရွာတွေမှာအရင်က ဝက်ပေါ်ရင် လေလံသမားကို ပြောတာနဲ့ရတယ်၊ အခုကျ မရဘူး ကုန်းကြီးဖြစ်ဖြစ် လေယာဉ်ကွင်းဖြစ်ဖြစ် ဘယ်ရွာမဆို ဝက်ပေါ်ရင် ပြင်စလူကို သယ်လာခဲ့ သူတို့ရှေ့မှာပေါ် ပြီးသွားရင် သူတို့ကို သုံးသောင်းပေး သူတို့လိုချင်တဲ့ အသားတွေလည်း ပေးခဲ့ အဲ့ဒါမှ ပေါ်ခွင့်ပေးတယ် မဟုတ်ရင် ဖမ်းမယ် ပစ်မယ်ဆိုတော့ အကုန်ဒုက္ခရောက်ရတယ်”လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

ပြင်စလူမြို့ဟာ နာဂစ်မုန်တိုင်းပြီးချိန်ကတည်းက ပြန်လည်ထူထောင်နိုင်ခြင်းမရှိတဲ့ မြို့တစ်ခုဖြစ်ပြီး ဒေသခံအများစုဟာ ကဏန်းထောင် ငါးဖမ်းနဲ့ လယ်ယာလုပ်ငန်းတွေကိုသာ လုပ်ကိုင်နေရတဲ့ မြို့ဖြစ်ပါတယ်။