YDF ထီးလင်းထံ ပျူစောထီးအဖွဲ့ဝင်တွေ လက်နက်ချ အလင်းဝင်

၁၄၊ အောက်တ်ုဘာလ၊ ၂၀၂၁။

ထီးလင်းမြို့နယ် ဇီးတောကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေမှာ YDF ထီးလင်းထံမှာ လက်နက်တွေအပ်နှံပြီး အလင်းဝင်ရောက် ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ အောက်တိုဘာလ ၁၄ရက်နေ့ မနက် ၈နာရီ ၃၀မိနစ်ခန့်မှာ YDFထီးလင်းကို ဆက်သွယ်ပြီး ဇီးတောကျေးရွာ ပျူစောထီးအဖွဲ့က တူမီး ၂၄လက်၊ ထိန်တိုင်းကျေးရွာ ပျူစောထီးအဖွဲ့က တူးမီး ၁လက်ကို YDF ထီးလင်းထံ အပ်နှံပြီး အလင်းဝင်ရောက် ပူးပေါင်းခဲ့တာလို့ YDFနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ပျူစောထီးအဖွဲ့တွေ လာရောက်အပ်နှံခဲ့တဲ့ လက်နက်တွေဟာ ထီးလင်းမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံကနေ အကြမ်းဖက်စစ်အုပ်စုက သိမ်းဆည်းပြီးနောက် ပျူစောထီးတွေကို တပ်ဆင်ပေးထားတဲ့ တူးမီးသေနတ်တွေဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ YDFနဲ့ ပူးပေါင်းပြီးတော့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်သွားမယ်လို့ YDFဆီ ကတိကဝတ်ပြုခဲ့ကြောင်း ကနဦး သတင်းတွေအရ သိရပါတယ်။