ဥရောပမှာ စစ်ရိပ်စစ်ငွေ့ ယှက်သန်းနေပြီလို့ ပိုလန်ဝန်ကြီးချုပ် သတိပေး

မတ် ၊ ၃၀

စစ်ပွဲဖြစ်နိုင်ခြေ အလားအလာတွေ တရိပ်ရိပ် တိုးပွားလာနေတယ်ဆိုတဲ့ အရှိတရားအတွက် ဥရောပတိုက်က ပြင်ဆင်ထားသင့်ပြီလို့ ပိုလန် ဝန်ကြီးချုပ် ဒေါ်နယ်လ် တက်စ်ခ်က သတိပေးခဲ့ပါတယ်။

 လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်မှာ ရုရှားက ယူကရိန်းကို ကျူးကျော် စစ်ပြုခဲ့တဲ့ အချိန်ကတည်းက ဥရောပဟာ စစ်ကြိုခေတ် အခြေအနေမျိုးဆီ စတင် ချဉ်းနင်း ဝင်ရောက်ခဲ့ပြီး အခုဆိုရင် စစ်မက် ဖြစ်ပွားနိုင်ခြေ ခြိမ်းခြောက်မှုတွေက ပိုပြီးတော့တောင် ထင်ရှား မြင်သာလာနေပြီလို့ တက်စ်ခ်က ဆိုပါတယ်။

 သူက တကယ်တမ်း အဲဒီအဆင့်ထိ ရောက်လာတာတောင် ဥရောပတိုက်ဟာ စစ်ပွဲဖြစ်လာနိုင်ခြေအတွက် ဘာမှ ရေရေရာရာ ကြိုတင် ပြင်ဆင်မထားနိုင်သေးဘူးလို့လည်း ဝေဖန်ခဲ့ပါတယ်။

 လူတွေ အထိတ်တလန့် ဖြစ်သွားမယ့် စကားမျိုးတွေ မပြောချင်ကြောင်း၊ ဒါပေမဲ့လည်း စစ်ပွဲဆိုတာ အရင်လိုမျိုး စိတ်ကူးနဲ့ ပုံဖော်ထားရုံ အဆင့်သက်သက် မဟုတ်တော့ကြောင်း၊ ဒါပေမဲ့ အခုအချိန်ထိ ဥရောပ နိုင်ငံ အများအပြားဟာ အခြေအနေနဲ့ လိုက်လျောညီထွေတဲ့ ကာကွယ်ရေး အစီအမံတွေကို မပြင်ဆင်သေးကြောင်း သူက ဆိုပါတယ်။

 ပိုလန်ဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတခုဖြစ်ပြီး တကယ်လို့ ယူကရိန်း စစ်ပွဲမှာ အနိုင်ရခဲ့ရင် ရုရှားက ဆက်လက် ကျူးကျော်နိုင်တယ်လို့ ခန့်မှန်းခံထားရတဲ့ နိုင်ငံတချို့ စာရင်းမှာ ပါဝင်နေပါတယ်။

 မကြာသေးခင်က ယူကရိန်းမှာ လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း ရုရှားဒုံးကျည် တစင်းက ပိုလန် လေပိုင်နက်ကို ဖြတ်ကျော်ခဲ့တဲ့ ကိစ္စမျိုးတွေက အခြေအနေတွေ ဘယ်လောက် ထိလွယ်ရှလွယ် ဖြစ်နေသလဲ ဆိုတာကို မြင်သာစေတယ်လို့လည်း တက်စ်ခ်က ထောက်ပြခဲ့ပါတယ်။

 ဒါ့အပြင် ယူကရိန်းဟာ ဥရောပကို ရုရှားက ကျူးကျော်ထိပါးမယ့် အန္တရာယ်အတွက် ပထမဆုံး ခံတပ်အဖြစ် ရပ်တည်ပေးနေတာကြောင့် ယူကရိန်းအတွက် စစ်လက်နက်၊ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ဖို့ အရမ်းအရေးကြီးတယ်လို့လည်း ပိုလန် ဝန်ကြီးချုပ်က မီးမောင်းထိုးပြသွားပါတယ်။

 ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကတော့ ရုရှားဟာ NATO စစ်မဟာမိတ် အဖွဲ့နဲ့ စစ်ပြုတိုက်ခိုက်ဖို့ ဆန္ဒလုံးဝ မရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

 Ref: Guardian