မော်စကို အကြမ်းဖက်မှုနဲ့ ဆက်စပ်ကြောင်း သံသယရှိသူ ကိုးဦးကို တာဂျစ်ကစ္စတန် ဖမ်းဆီး

မတ် ၊ ၃၀

ရုရှားနိုင်ငံ၊ မော်စကိုမြို့က ပြဇာတ်ရုံကြီး အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်လို့ တာဂျစ်ကစ္စတန် နိုင်ငံမှာ လူ ၉ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

 အဲဒီ အဖမ်းခံရသူတွေဟာ မတ်လ ၂၂ ရက်နေ့က မော်စကိုမှာရှိတဲ့ Crocus City Hall ပြဇာတ်ရုံ တိုက်ခိုက်မှုကြီးကို ကျူးလွန်ခဲ့သူတွေနဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ ယုံကြည်ရကြောင်း တာဂျစ်ကစ္စတန် လုံခြုံရေး တပ်ဖွဲ့က ပြောပါတယ်။

 ပြဇာတ်ရုံ အကြမ်းဖက်မှုမှာ တာဂျစ်ကစ္စတန် နိုင်ငံသား လက်နက်ကိုင် ၄ ဦးက ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တာကြောင့် လူ ၁၄၄ ဦး သေဆုံးခဲ့ပြီး လက်ပစ်ဗုံးတွေ ဖောက်ခွဲခဲ့တာကြောင့် အဆောက်အအုံပါ မီးလောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရုရှားက အဲဒီ ၄ ဦးနဲ့ ကြံရာပါအဖြစ် စွပ်စွဲခံရသူ ၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

 မော်စကိုမြို့က အကြမ်းဖက်မှုကြီးကို သူတို့တွေ ကျူးလွန်ခဲ့ပါတယ်လို့ အာရှတိုက် အလယ်ပိုင်း အခြေစိုက် အိုင်အက်စ် အဖွဲ့ခွဲ တခုက အတိအလင်း ကြေညာထားပေမယ့် ရုရှား အစိုးရကတော့ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ယူကရိန်းက ဆက်စပ် ပါဝင်နေတယ် ဆိုတာမျိုး ပုံဖော်ဖို့ ကြိုးစားနေပါတယ်။

 တချိန်တည်းမှာပဲ တာဂျစ်ကစ္စတန် အစိုးရက အကြမ်းဖက်မှုနဲ့ ဆက်နွှယ်နိုင်သူတွေကို ဖော်ထုတ် ဖမ်းဆီးနေပြီး ဗက်ခ်ဒက် ဒေသမှာ နေထိုင်သူ ၉ ဦးကို ထိန်းသိမ်းခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အခု အဖမ်းခံရသူတွေဟာလည်း အိုင်အက်စ် အဆက်အနွှယ်တွေလို့ ယူဆရကြောင်း တာဂျစ်ကစ္စတန်ဖက်က ထုတ်ပြန်ထားပါတယ်။

 မူလက ပြဇာတ်ရုံ အကြမ်းဖက် တိုက်ခိုက်ခံရမှုကြီးမှာ သေဆုံးသူ စုစုပေါင်း ၁၃၉ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ထားခဲ့ပေမယ့် ဒဏ်ရာပြင်းထန်သူတွေ နောက်ဆက်တွဲ သေဆုံးတာကြောင့် အရေအတွက် ၁၄၄ ဦးထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

 Ref: Al Jazeera