ကျိုးကျခဲ့တဲ့ တံတားကြီးကို ရှင်းလင်းဖို့ အမေရိကန် အရှေ့ဖက် ကမ်းရိုးတန်းမှာ အကြီးဆုံး ကရိန်းကြီးကို တပ်ဆင်နေ

မတ် ၊ ၃၀

ကုန်တင် သင်္ဘောနဲ့ တိုက်မိပြီး ကျိုးပျက်ခဲ့တဲ့ တံတား အပျက်အစီးတွေကို ရှင်းလင်းဖို့အတွက် အမေရိကန် အရှေ့ဖက် ကမ်းရိုးတန်းတလျှောက် အကြီးမားဆုံး ကရိန်းကြီးကို ရွှေ့ပြောင်း တပ်ဆင်နေပြီ ဖြစ်ပါတယ်။

 ဖရန်ဆစ် စကော့ ကီး တံတားကြီးဟာ ကုန်တင်သင်္ဘော တစီးနဲ့ တိုက်မိရာက ပြိုကျခဲ့တာဖြစ်ပြီး အခုတော့ အကြီးစား ရှင်းလင်းရေး လုပ်ငန်းတွေ စတင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မှာ လူ ၂ ဦး သေဆုံးပြီး ပျောက်ဆုံးနေသူ ၄ ဦးအတွက်လည်း မျှော်လင့်ချက် မရှိတော့ဘူးလို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။

 ဒေသတွင်းမှာ အသွားအလာ ထူထပ်တဲ့ ရေလမ်းကြောင်း တခုပေါ်မှာ ရှိနေတဲ့ နေရာကို ရှင်းလင်းရေးတွေ လုပ်ဆောင်ဖို့ အမေရိကန် ဗဟိုအစိုးရက ဒေါ်လာ သန်း ၆၀ လောက် ထောက်ပံ့မယ်လို့ ပြောကြားထားပါတယ်။ ပြီးတော့ သမ္မတ ဂျိုးဘိုင်ဒန်ကလည်း လာမယ့် သီတင်းပတ်ကျရင် အခင်းဖြစ်ရာ မေရီလန်းပြည်နယ်၊ ဘာတီမိုးမြို့ကို ကိုယ်တိုင် သွားရောက် စစ်ဆေးမယ်လို့ ကြေညာထားပါတယ်။

 လက်ရှိ အခြေအနေမှာတော့ တံတားပျက် နေရာမှာ ပျောက်ဆုံးနေသူ ၄ ဦးရဲ့ ရုပ်အလောင်းတွေကို ဖြန့်ကျက် ရှာဖွေနေဆဲ ဖြစ်သလို အပျက်အစီးတွေကို ရှင်းလင်းမယ့် ယန္တရားတွေလည်း စတင် တပ်ဆင်နေပါပြီ။

 ပင်မ ကရိန်းကြီးဟာ တန်ချိန် ၁၀၀၀ လောက် အလေးချိန်ကို မနိုင်တဲ့ အရွယ်အစားမျိုးဖြစ်ပြီး အမေရိကန် အရှေ့ဖက် ကမ်းရိုးတန်းမှာ အရွယ်အစား အကြီးဆုံး ဖြစ်လိမ့်မယ်လို့ မေရီလန်း ပြည်နယ် အုပ်ချုပ်ရေးမှူး ဝက်စ်မိုးရ်က ပြောပါတယ်။

 သူက သင်္ဘောပေါ် ပိမိနေတဲ့ သံမဏိ တန်ချိန်တင် ၃၀၀၀ ကနေ ၄၀၀၀ လောက်ထိ ရှိနိုင်ပြီး ရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီး မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။

တံတားပျက်ကို ရှင်းလင်းရာမှာ အရပ်ဖက် ပညာရှင်တွေနဲ့ အမေရိကန် အင်ဂျင်နီယာ တပ်ရင်းတွေက အရာရှိတွေ အပါအဝင် အင်အား ၁၁၀၀ ကျော်လောက်ထိ အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

 Ref: CNA