နိုဝင်ဘာ၊ ၂၁
ဟာဝိုင်ယီမှာ ဆင်းသက်ချိန် ပြေးလမ်းကို ကျော်ထွက်သွားတဲ့ အမေရိကန် စစ်လေယာဉ်တစီး ပင်လယ်ထဲ ပြုတ်ကျသွားခဲ့ကြောင်း သိရပါတယ်။
အမေရိကန် ရေတပ်ရဲ့ ကင်းထောက် လေယာဉ်ဟာ နိုဝင်ဘာ ၂၀ ရက်နေ့က ဟာဝိုင်ယီ ကျွန်းစုမှာရှိတဲ့ အိုယာဟူ ကျွန်းပေါ်ကို ဆင်းသက်ရင်း မတော်တဆ အခြေအနေနဲ့ ကြုံခဲ့တာ ဖြစ်ပါတယ်။
ကျွန်းပေါ်မှာ ရှိနေတဲ့ မရိန်းတပ်ဖွဲ့ အခြေစိုက် စခန်းကို ဆင်းသက်ချိန် ရေတပ်ရဲ့ P-8A Poseidon လေယာဉ်ဟာ ပြေးလမ်းကို ကျော်ထွက်ပြီး ပင်လယ်ထဲမှာ တဝက်တပိုင်း နစ်မြုပ်သွားခဲ့ပါတယ်။ Boeing 737 ခရီးသည်တင် လေယာဉ်ရဲ့ ကိုယ်ထည် အခြေခံကို အသုံးပြု တည်ဆောက်ထားပြီး အင်ဂျင်နှစ်လုံး တပ်ထားတဲ့ လေယာဉ်မှာ လိုက်ပါလာသူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။
မရိန်းတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဟိုင်လီဟမ်းစ်က လေယာဉ်ပေါ် ပါလာသူ ၉ ဦးစလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ အတည်ပြုပါတယ်။
ခါညွန်ဟီ ပင်လယ်အော် ရေပြင်မှာ နစ်မြုပ်နေတဲ့ လေယာဉ်ကို ပြန်လည် ဆယ်ယူဖို့ စတင် စီစဉ်နေပါတယ်။
P-8Aတွေဟာ အမေရိကန် ရေတပ်ရဲ့ ဘက်စုံသုံး ကင်းထောက် လေယာဉ်တွေလို့ သတ်မှတ်နိုင်ပြီး တိုက်ခိုက်ရေး ကဏ္ဍအတွက် တော်ပီဒိုတွေ၊ ခရုစ်ဒုံးကျည်တွေကိုပါ တပ်ဆင်နိုင်ပါတယ်။ ရေတပ်ဟာ ရန်သူ့ ရေပေါ်နဲ့ ရေအောက် သင်္ဘောတွေကို ထောက်လှမ်းတဲ့ မစ်ရှင်တွေအတွက် အဲဒီလေယာဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြောင်းလည်း သိရပါတယ်။
Ref: CNN