စားသုံးဆီ ရည်ညွှန်းစျေးတက်လို့ ပြင်ပပေါက်စျေး ငါးရာခန့် မြင့်တက်

နိုဝင်ဘာ၊ ၂၁
 
စားသုံးဆီရေးရာဦးစီးဌာနက စားသုံးဆီ တပိဿာ ရည်ညွှန်းစျေးကို ၄,၉၉၀ ကျပ်ထိ တိုးမြှင့်သတ်မှတ်လိုက်တာကြောင့် ပြင်ပစျေးကွက်မှာ တပိဿာ ငါးရာခန့် စျေးနှုန်းမြင့်တက်သွား တယ်လို့ ဆီကုန်သည်တွေနဲ့ ရန်ကုန်မြို့ခံ အိမ်ရှင်မတွေထံက သိရပါတယ်။
 
စားသုံးဆီ တပိဿာကို ၄,၆၈၀ ကျပ် ရည်ညွှန်းစျေး သတ်မှတ်ထားရာကနေ နိုဝင်ဘာလ ၁၆ ရက်မှာ ၃၁၀ ကျပ် ထပ်မံတိုးမြှင့်ပြီး ၄,၉၉၀ ကျပ် သတ်မှတ်လိုက်တဲ့အတွက် ပြင်ပစျေးကွက်မှာလည်း တပိဿာ ကိုးထောင်ကျပ်ကနေ ၉,၅၀၀ ကျပ်ခန့် ဖြစ်သွားပါတယ်။
 
“ သူတို့က ရည်ညွှန်းဈေး တိုးသတ်မှတ်တော့ ကျွန်တော်တို့က တိုးရောင်းပေါ့။ ဒါပဲရှိတာပေါ့။ တခုပဲ ဆီက ဝယ်လိုအားရှိပြီး ရောင်းလိုအားမရှိတာတော့ တော်တော်ဆိုးတယ် “ လို့ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာရှိတဲ့ ဆီကုန်သည်တဦးက ပြောပါတယ်။
 
ပြည်တွင်းစားသုံးဆီ ရည်ညွှန်းဈေးဟာ နိုင်ငံခြား စားသုံးဆီ ဈေးနှုန်းနဲ့ သယ်ယူပို့ဆောင်စရိတ်၊ ဘဏ်အခွန်အခများနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း စတဲ့အချက်တွေပေါ် မူတည်ပြီး စျေးနှုန်း အပြောင်းအလဲ ဖြစ်လေ့ရှိတယ်လို့ စားသုံးဆီလုပ်ငန်းရှင်တချို့က ဆိုပါတယ်။
 
စားသုံးဆီ ရည်ညွှန်းစျေးတက်တဲ့ နိုဝင်ဘာလ ၁၆ ရက်မတိုင်ခင် ဒီလ ၁၂ ရက်က အမေရိကန်တ ဒေါ်လာစျေးဟာ ၃,၃၀၀ ဝန်းကျင်သာ ရှိခဲ့ပေမယ့် ၁၅ ရက်နေ့မှာတော့ ၃,၄၂ဝ ကျပ်နဲ့ ၁၂၀ ကျပ်ခန့် နဲ့ ၁၆ ရက်နေ့မှာ ၃,၅ဝဝ နဲ့ ကျပ်နှစ်ရာခန့်အထိ မြင့်တက်သွားခဲ့တာပါ။
 
မြန်မာနိုင်ငံဟာ နှစ်စဉ် စားသုံးဆီ တန်ချိန် ခုနှစ်သိန်းခန့် (အမေရိကန်ဒေါ်လာ သန်း ရှစ်ရာဝန်းကျင်) တင်သွင်းနေရတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ စားသုံးဆီ တင်သွင်းမှု ကြီးကြပ်ရေး ကော်မတီဝင်တဦးကို ကိုးကားပြီး စစ်တပ်ပိုင်မြဝတီသတင်းစာက ဖော်ပြထားပါတယ်။
 
ဒါ့အပြင် ရည်ညွှန်းစျေးမှာ ကျပ်သုံးရာကျော် မြင့်တက်လာတာကြောင့် အကန့်အသတ်နဲ့ ရောင်းချပေးနေတဲ့ လက်လီဈေးကွက်မှာ တပိဿာကို ၅,၄၀၀ ကျပ်ထိ ပေါက်ဈေးရှိနေတယ်လို့လည်း စားသုံးဆီ လက်လီရောင်းချသူတွေက ပြောကြပါတယ်။
 
ဆီလုပ်ငန်းရှင်များ အသင်းက လက်လီရောင်းချတဲ့ ဆီဆိုင်တဆိုင်ကို တရက် ဆီတပေပါ (ပိဿာ တရာ) သာ ခွဲတမ်းချပေးတဲ့အတွက် ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှဖြစ်ပြီး စျေးကွက်အတွင်း စားသုံးဆီ မလုံလောက်မှု ဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းက လက်ကားရည်ညွှန်းဈေးပေါ်မှာ အထွေထွေကုန်ကျစရိတ် ထည့်ပေါင်းပြီး အမြတ်ငွေ နှစ်ရာခိုင်နှုန်းထက် ပိုမယူဖို့နဲ့ အဆင့်ဆင့် လက်လွှဲရောင်းချရင်တောင် အမြတ်ငွေ ဆယ်ရာခိုင်နှုန်းထက် ပိုမယူဖို့ကို စက်တင်ဘာ ၄ ရက်မှာ ထုတ်ပြန်ထားတာပါ။
 
လက်လီဈေးကွက်အတွင်း စားသုံးဆီတွေကို သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းမယ်ဆိုပါက အရေးကြီးကုန်ပစ္စည်း ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့လည်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးစိုးသိန်းက စက်တင်ဘာ ၁၁ ရက်က ပြောကြားခဲ့ပါတယ်။
 
ဒီလိုပြောကြားထားပေမယ့်လည်း စားသုံးဆီဈေးကွက် အတွင်းမှာတော့ စစ်ကောင်စီက ဆီအလုံလောက် ရရှိအောင် လုပ်မပေးနိုင်တာကြောင့် စားသုံးသူတွေဟာ ဆီမှောင်ခိုဈေးကွက်အတွင်းမှာ စားသုံးဆီကို ဈေးကြီးပေး ဝယ်စားနေရတာပါ။
 
စစ်ကောင်စီ အာဏာမသိမ်းခင်က စားသုံးဆီ တပိဿာကို နှစ်ထောင်ကျပ်ဝန်းကျင်သာ ရှိခဲ့ပြီး ပမာဏ ကန့်သတ်ချက်မရှိဘဲ လွတ်လွတ်လပ်လပ်ဝယ်ယူနိုင်ခဲ့ပေမယ့် အာဏာသိမ်းပြီး သုံးနှစ်နီးပါး ရှိလာတဲ့အချိန်မှာတော့ တပိဿာ တသောင်းနီးပါး ဖြစ်လာသလို တန်းစီစနစ်နဲ့ အကန့်အသတ်နဲ့သာ ရရှိတော့တာပါ။
 
ဒီလို အခြေခံစားသုံးကုန်ဖြစ်တဲ့ စားသုံးဆီဈေးနှုန်း မြင့်တက်သွားတာကြောင့် အစားအသောက် ချက်ပြုတ်ရာမှာ ဆီကို ခြွေတာသုံးစွဲနေရတယ်လို့ ရန်ကုန်မြို့က အခြေခံ လူတန်းစား အိမ်ရှင်မတွေက ဆိုပါတယ်။
 
“ ဆီက ကျမတို့ကျ တန်းလည်းမစီနိုင်ဘူးလေ။ တနေ့လုပ်တနေ့စားတွေ၊ တန်းစီနေရင် ဘာနဲ့ ထမင်းစားမလဲ။ အဲ့တော့ ရပ်ကွက်ထဲက တဆယ်သား ကိုးရာ၊ တထောင် ဝယ်စားရတာ။ အရသာရှိရှိ စားဖို့ထက် ဗိုက်ဝဖို့ကိုပဲ ဦးစားပေးနေရတယ် ” လို့ သာကေတမြို့နယ်မှာရှိတဲ့ အသက် သုံးဆယ်အရွယ် ကလေးသုံးယောက်မိခင် အိမ်ရှင်မတဦးက ဆိုပါတယ်။
 
ဓာတ်ပုံ – Social Media