ပြည်တွင်းမှာ အလုပ်အကိုင် ပတ်စ်ပို့သက်တမ်းတိုးသူတွေ အခွန်ကျပ်တသိန်းကျော်ပေးနေရ

ဖေဖော်ဝါရီ၊ ၁၁
 
ပြည်တွင်းမှာ အလုပ်အကိုင်အမျိုးအစား ပတ်စ်ပို့ (PJ) သက်တမ်းတိုးရင် ဝင်ငွေခွန် ဆိုပြီး ကျပ်တသိန်းကျော် ပေးဆောင်နေကြရတယ်လို့ ကိုယ်တိုင်ပေးသွင်းခဲ့ရသူတချို့ဆီက သိရပါတယ်။
 
စစ်ကောင်စီက ပြည်ပရောက်မြန်မာတွေ သက်ဆိုင်ရာသံရုံးတွေမှာ ပတ်စ်ပို့သက်တမ်းတိုးရင် ဝင်ငွေခွန်ကောက်ယူပြီးမှ လုပ်ပေးနေသလို ပြည်ပမှာ အလုပ်လုပ်ကိုင်သူတွေဆီက ဝင်ငွေခွန်ကောက်ဖို့ ဥပဒေမထုတ်ပြန်ခင်ကတည်းက ပြည်တွင်းပြန်ရောက်နေသူတွေကိုလည်း ပတ်စ်ပို့သက်တမ်းတိုးချိန်မှာ အခွန်ဆိုပြီး ကောက်ယူနေတာလို့ သိရပါတယ်။
 
“PJ စာအုပ်အသစ်လုပ်တဲ့သူတွေတော့ မဆောင်ရဘူး၊ သက်တမ်းတိုးသမားတွေ ဆောင်ရတာ” လို့ ကိုယ်တိုင်ကြုံခဲ့ရသူတဦးက ပြောပါတယ်။ သူ့အနေနဲ့ အခွန်အဖြစ် ကျပ် ၁၀၁၅၀၀ (တသိန်းတထောင့်ငါးရာ) ပေးခဲ့ရသလို အလားတူ သက်တမ်းတိုးကြသူတွေအနေနဲ့လည်း ကျပ်တသိန်းကျော်ဝန်းကျင် ပေးကြရတယ်လို့ ဆိုပါတယ်။
 
အခုလို ကောက်ယူတာဟာ ကြိုတင်အခွန်လား၊ အခွန်ဆောင်ဖို့ အမိန့်ထုတ်ပြီး ကာလအတွက် လားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိခဲ့ရဘူးလို့ သူကဆိုပါတယ်။
 
PJ ပတ်စ်ပို့ သက်တမ်းတိုးသူတွေကို အကျပ်ကိုင်ပြီး အခွန်ကောက်ယူနေတဲ့အပေါ် မလွန်ဆန်နိုင်တာကြောင့် ပေးသွင်းနေကြရတယ်လို့ ပြည်ပသွားရောက်လုပ်ကိုင်မယ့်သူတွေက ဆိုပါတယ်။
 
“ပထမတခေါက်သွားပြီး ပြန်ရောက်နေတာ ကြာပြီ၊ ကြားမှာ အလုပ်လည်းမရှိလို့ ပြန်ထွက်မယ့်ဟာ အခွန်ဆောင်ခိုင်းတာက အဓိပ္ပါယ်မရှိဘူး၊ မဆောင်ပြန်ရင်လည်း သက်တမ်းတိုးမရဘူးကြားတယ်၊ ကိုယ်တိုင်တော့ မလုပ်ရသေးဘူး” လို့ PJ ပတ်စ်ပို့ သက်တမ်းတိုးဖို့ လုပ်နေသူတဦးက ပြောပါတယ်။
 
စစ်ကောင်စီသံရုံးတွေအနေနဲ့လည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ မကာအိုနဲ့ ဟောင်ကောင်ရောက်မြန်မာ တွေဆီက လစာရဲ့ နှစ်ရာခိုင်နှုန်းကို ဝင်ငွေခွန် ကောက်ယူနေတာ ဖြစ်ပါတယ်။
 
ပြည်ပရောက်မြန်မာတွေဟာ သက်ဆိုင်ရာနိုင်ငံတွေမှာလည်း အခွန်ဆောင်နေရတာ၊ စစ်ကောင်စီအတွက်ပေးတဲ့ အခွန်အခဟာ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ဖို့အတွက် အသုံးပြုတဲ့အထဲ ပါဝင်လာမှာတွေကြောင့် အာဏာသိမ်းစစ်ကောင်စီအတွက် အခွန်ထပ်ဆောင်ဖို့ မလိုဘူးဆိုပြီး ဝေဖန်ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။
 
ဒါ့အပြင် ပြည်ပရောက်မြန်မာလုပ်သားတွေအနေနဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုဆီ တရားဝင်ဘဏ်စနစ်ကနေ လွှဲပို့ဖို့လည်း စစ်ကောင်စီက အလုပ်အကိုင်အေဂျင်စီတွေနဲ့ပါ ချိတ်ဆက် ဖိအားပေးထားတွေ ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေ လိုအပ်ချက်ရှိနေတာကြောင့် ပြည်ပရောက်မြန်မာလုပ်သားတွေရဲ့အခွန်ငွေ၊ မိသားစုလွှဲပို့ငွေတွေကို ပစ်မှတ်ထား အကျပ်ကိုင်တာတွေ လုပ်နေတာလို့ သူတို့က ဝေဖန်ကြပါတယ်။
 
တရားဝင်စာရင်းတွေအရ လက်ရှိပြည်ပနိုင်ငံတွေမှာ မြန်မာနိုင်ငံသားအလုပ်သမား လေးသန်းကျော်​ ရှိနေတာဖြစ်ပြီး အများဆုံးက ထိုင်းနိုင်ငံကိုရောက်ရှိနေတာလို့ ဌာနဆိုင်ရာစာရင်းတွေအရ သိရပါတယ်။
 
ထိုင်းနိုင်ငံရှိ စစ်ကောင်စီသံရုံးကလည်း ပတ်စ်ပို့သက်တမ်းတိုးသူတွေဆီက အခွန်ငွေအကျပ်ကိုင်ကောက်ယူနေပြီး တရက်ကို အခွန်လာဆောင်သူ ဦးရေ တထောင်နီးပါး ရှိတယ်ဆိုပြီး ဝါဒဖြန့်ထားပါတယ်။
 
ဓာတ်ပုံ – Google