AA သိမ်းထားတဲ့ မင်းပြားမြို့ကို စစ်တပ်က ရေကြောင်း၊ လေကြောင်းနဲ့တိုက်ခိုက်၊ စစ်ရေယာဉ်တစီးလည်း ပျက်စီး

ဖေဖော်ဝါရီ၊ ၁၁
 
ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထိန်း ချုပ်ထားတဲ့ မင်းပြားကို စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းနဲ့ တိုက်ခိုက်နေပြီး လူနေရွာ‌ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
မင်းပြားမြို့နယ် ကျားရဲပြင်ရွာအနီး ကြပ်စင်မြစ်ပေါ် ရှိနေတဲ့ စစ်ကောင်စီတပ် နေဗီနှစ်စီးဟာ မနေ့က ဖေဖော်ဝါရီ ၁၀ ရက်မှာ မင်းပြားမြို့ပေါ် နဲ့ ရွာတွေဆီ လက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်ပြီး ဂျက်တိုက်လေယာဉ်နဲ့လည်း လေ ကြောင်း ကတိုက်ခိုက်ခဲ့တယ်လို့ ‌ဆိုပါတယ်။
 
“တရက်လုံးနီးပါး လက်နက်ကြီးပစ်တယ်၊ ကျားရဲပြင်(ရွာ)ကိုလည်း မီးတက်ရှို့တာ၊ တရွာလုံးပါသွားတယ်၊ ကိုယ့် ဘက်(AA)က ပြန်တိုက်တော့ ဆင်းပြေးတယ်၊ နေဗီတစီးလည်း မီးလောင်သွားတယ်”လို့ အနီး၀န်းကျင်မှာနေတဲ့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
AA ရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် နေဗီတစီး မီးလောင်နေတာ မြင်ခဲ့ရပေမယ့် ပျက်စီး၊ နစ်မြုပ် သွားတာ ရှိ၊ မရှိကိုတော့ တိတိကျကျ မသိကြရသေးဘူးလို့ အဆိုပါ ဒေသခံက ပြောပါတယ်။
 
စစ်ကောင်စီတပ်နေဗီနဲ့ လေယာဉ်တို့က ပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ ကျားရဲပြင်၊ သမင်ခြေရာ၊ ငတန်ပျင်း စ တဲ့ရွာ တွေနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ်အများအပြား ပျက်စီးကာ ကျွဲ၊ နွားသေ ဆုံးတာ တွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
AA ဟာ မင်းပြားမြို့ပေါ်ရှိ တပ်ရင်း၊ တပ်စခန်းတွေအားလုံးကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၆ ရက်ကတည်းက သိမ်း ပိုက်ရရှိပြီး ထိန်းချုပ်ထားခဲ့တာပါ။
 
မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကူရောက်နေတဲ့ နေဗီလေးစီးထဲက နှစ်စီးဟာ စစ်တွေဘက်ကို တပ်ဆုတ် သွား‌ခဲ့ပေမယ့် ကျန်နှစ်စီးကတော့ ထွက်ပေါက်ပိတ်နေခဲ့ပြီး ကျားရဲပြင်ရွာအနီး ကျန်‌နေခဲ့တာလို့ ‌ဆိုပါတယ်။
 
“နေဗီတွေက ပြန်မဆင်းရဲတော့လို့ ရမ်းပစ်နေတာ၊ အရင်ရက်တွေကလည်း တချက်တချက် ပစ်တယ်၊ မနေ့က တိုက်ပွဲမှာတော့ စစ်တပ်ဘက်က အကျအဆုံးတော်တော် ရှိတယ်”လို့ AA နဲ့ နီးစပ်တဲ့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။
 
မင်းပြားမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ ခြေမြန် တပ်ရင်း ၃၇၉၊ ၃၈၀၊ ၅၄၁ တို့နဲ့ ကျိန်းတောင်ပေါ်ရှိ တပ်စခန်းတွေကို AAက ဇန်နဝါရီ ၁၀ ရက်မှာစတင်ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရာချီ ပြုလုပ်ကာ ခုခံခဲ့ပေမယ့် လက်လွှတ်ခဲ့ရတာပါ။
 
ဒါ့အပြင် ရေကြောင်းကနေလည်း ပစ်ကူပေးကာ စစ်ကူပို့တာတွေ အကြိမ်ကြိမ် ရှိခဲ့ပြီး AA ရဲ့ ကြားဖြတ်တိုက် ခိုက် မှုတွေကြောင့် တပ်ရင်းတွေဆီ စစ်ကူမရောက်ဘဲ လှည့်ပြန်ခဲ့ရတာတွေသာ ရှိခဲ့တယ်လို့ ဆိုကြပါတယ်။
 
စစ်ကောင်စီတပ်ဟာ မနေ့ကတရက်တည်းမှာပဲ မင်းပြားအပြင် မြို့ပေါ်တိုက်ပွဲဖြစ်နေတဲ့ ရမ်းဗြဲကိုလည်း ဂျက် တိုက်လေ ယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တို့နဲ့ ငါးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA၊ ကိုးကန့် (MNDAA)၊ တအာင်း (TNLA)တို့ ပါ၀င်တဲ့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
မင်းပြားအပြင် ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်နဲ့ ချင်းပြည် နယ် ပလက်၀မြို့တို့ကိုလည်း AA က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။
 
လက်ရှိမှာ ရသေ့တောင်နဲ့ ရမ်းဗြဲတို့မှာ မြို့ပေါ်တိုက်ပွဲတွေ ရှိနေပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့မှာလည်း စစ်ကောင်စီတပ်စခန်းတွေကို AA က ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဓာတ်ပုံ – AFP (ပုံဟောင်း)