ကရင်နီပူးပေါင်းတပ်တွေထိုးစစ်ဆင်လို့ စစ်ကောင်စီတပ်သား သုံးဆယ်ထက်မနည်း သေဆုံးတယ်လို့ဆို

ဧပြီ၊ ၁၉
 
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက် ဒေါတမကြီးအုပ်စု၊ ဒေါညီကို ကျေးရွာအနီးက စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက ၂ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်တပ်က ၃၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်သေဆုံးမှုများသဖြင့် လေကြောင်း၊ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ကူပေးနေတယ်လို့ သိရပါတယ်။
 
ကရင်နီပူးပေါင်းတပ်တွေကဧပြီလ ၁၆ ရက်၊ မနက် ၇ နာရီခန့်မှာ ဒေါညီကို ကျေးရွာအနီးတဝိုက်မှာ စခန်းထိုင်နေတဲ့ စစ်ကောင်စီတပ်တွေကို သွားရောက်တိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်က ရွာထဲကို ဆုတ်ပြေးချိန် နေ့လည် ၁၂ နာရီခန့်မှာ လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
 
အဲဒီနေ့ တိုက်ပွဲဖြစ်ပွားနေချိန် မွန်လွဲ ၃နာရီခန့်မှာလည်း စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေ ပေးခဲ့ရာ ရွာထဲက အိမ်တချို့ မီးလောင်ပျက်စီးသွားပြီး ဧပြီလ ၁၇ ရက်မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ကာ ည ၁၂ နာရီခန့်မှာ လေယာဉ် ၂ စီးနဲ့ ၃ ခေါက်ပတ်ပြီးပစ်သွားတယ်လို့ သူက ပြောပါတယ်။
 
“ ၁၆ ရက်နေ့ မနက် ၇ နာရီလောက်မှာ ကျနော်တို့ ပူးပေါင်းတပ်က သူတို့ကို သွားတိုက်တယ်။ ဒေါညီကိုဆိုတာ ဒေါတမကြီးအုပ်စုပေါ့။ သူတို့ဘက်က ကျဆုံးကို ခန့်မှန်းတာက အနည်းဆုံး ၃၀ လောက် ရှိမယ်ပေါ့။ ထိခိုက်ဒဏ်ရာ ရတာတွေ ရှိတယ်။ လက်နက်ခဲယမ်းလည်း ရတယ်။ ဒါပေမဲ့ ဘယ်လောက် ရလဲဆိုတာ စာရင်းအတိအကျတော့ မရသေးဘူး။ ကျနော်တို့ဘက်က KA က တယောက်ကျတယ်။ ထိခိုက်ဒဏ်ရာ တချို့ ရတယ် ” လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြည်ထဲရေးဝန်ကြီး ခူးညေးရယ်က ပြောပါတယ်။
 
ဒါ့အပြင် ဧပြီလ ၁၈ ရက်မှာလည်း လေယာဉ် ၂စီးနဲ့လာရောက်ဗုံးကျဲခဲ့သလို လက်နက်ကြီးတွေနဲ့လည်း အဆက်မပြတ်ပစ်ခတ်နေတယ်လို့ သိရပါတယ်။
 
မတ်လ ပထမပတ်က စစ်ကောင်စီရဲ့ စကခ-၂ လက်အောက်ခံ ခလရ ၁၂၊ ခမရ ၅၁၅ နဲ့ ခမရ ၅၁၆ တပ်ရင်းတွေက အင်အား ၂၇၀ ခန့်ဟာ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာခဲ့ပြီး မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၉၀ ဦးခန့် သေဆုံးပြီး ၅၀ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီတပ်တွေဟာ ခုချိန်ထိ ဒေါတမကြီးကျေးရွာအုပ်စုထဲမှာ အချိန်ပြည့်စခန်းထိုင် လှုပ်ရှားနေကြပြီး ဧပြီလ ပထမပတ်ထဲမှာလည်း ပဲခူး အခြေစိုက် တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တပ်ရင်းက အင်အား ၈၀ ထက်မနည်းဟာလည်း စကခ – ၂ လက်အောက်ခံ တပ်ရင်း ၃ ရင်းဆီ တပ်အင်းအားဖြည့်ထားတယ်လို့ သိရပါတယ်။
 
ဧပြီလ ၁၆ ရက်နဲ့ ၁၇ ရက် နှစ်ရက်တာ တိုက်ပွဲမှာ ကရင်နီပူးပေါင်းတပ်တွေဘက်က KA ၊ KNDF B/10 ၊ B/05၊ B/06 ၊ B/01 ၊ B/16 ၊B/15 ၊ KNDF ETD ၊ လွိုင်ကော် PDF တို့ပါဝင်တယ်လို့ စစ်ရေးသတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
 
အဲဒီတိုက်ပွဲတွေအတွင်း ချေးမှုန်းရေးရိုင်ဖယ်အပါအဝင် လက်နက်မျိုးစုံ ၁၃ လက်နဲ့ ဆက်စပ်ခဲယမ်းတွေ၊ RPG ၁ လက်နဲ့ ဗုံးသီး (၁၃) လုံး၊ ၆၀ မမ ပြောင်း (၁) ပြောင်းနဲ့ ၆၀ မမကျည် (၁၁) လုံး၊ လက်ပစ်ဗုံး (၁၂)လုံး၊ ကျည်ဘောက် (၃၀)ကျော်၊ ဖုန်း၊ လက်တော့တွေအပါအဝင် ခဲယမ်းလက်နက်မျိုးစုံကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
 
စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ဒီမော့ဆိုမြို့နယ်ဟာ တနိုင်ငံလုံးမှာမြို့နယ်အလိုက် စစ်ဘေးရှောင်အများဆုံးဖြစ်ပြီး ၁၂၆ ၀၀၀ ထက်မနည်းရှိတယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP-Myanmar က ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလက ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – KNDF