စစ်ကောင်စီရဲ့ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သယ်လာတဲ့ယာဉ်တန်းကို ကရင်နီတပ်ခြုံခိုတိုက်

ဧပြီ၊ ၂၁
 
ကရင်နီပြည်နယ် (ကယားပြည်နယ်)၊ လွိုင်ကော်- မိုးဗြဲလမ်းမကြီးပေါ်မှာ လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ အစီး ၂၀ ခန့် ရှိတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ယာဉ်တချို့ ထိခိုက်ပျက်စီးသလို သေဆုံးမှုတွေ များပြားနိုင်တယ်လို့ သိရပါတယ်။
 
ဒီနေ့ (ဧပြီလ ၂၁)ရက် ၊နံနက် ၂ နာရီခန့်မှာ ဖယ်ခုံမြို့ဘက်ကနေ ဆင်းလာတဲ့ အဲဒီစစ်ကောင်စီယာဉ်တန်းကို လွိုင်ကော်-မိုးဗြဲကားလမ်းမကြီး တနေရာမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ရင်း ၃ နဲ့ ဗိုလ်တထောင်တပ်ဖွဲ့ တို့က ပူးပေါင်းခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
“ ဒီမနက် ၂ နာရီလောက်မှာ ဖယ်ခုံဘက်က အစီး ၂၀ ခန့်နဲ့ ဆင်းလာတော့ လွိုင်ကော်မရောက်ခင် မိုးဗြဲအရှေ့ဘက်မှာ KNDF တပ်ရင်း ၃ က ပစ်တော့ ကားတစီးက လုံးလုံးပျက်သွားတယ်ပြောတယ်။ သူတို့ ဆက်ပြီးတော့ ထွက်လာတယ်။ အဲဒီစစ်ကြောင်းယာဉ်တန်းက လောပိတဘက်ကို ဦးတည်တယ်ပြောတယ်။ အခုက မိုက်ကန်းအနီးမှာ ရပ်တန့်နေတယ်။ မိုက်ကန်းဆိုတာက လွိင်ကော်အရှေ့ဘက် လောပိတဘက်သွားတဲ့ လမ်းပေါ့ ” လို့ ကရင်နီဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြည်ထဲရေးတာဝန်ခံ ခူညေးရယ်က ပြောပါတယ်။
 
စစ်ကောင်စီတပ် ဘယ်လောက်ဒဏ်ရာရ၊ သေဆုံးတယ်ဆိုတာတော့ မသိရသေးဘူးလို့လည်း ဖြည့်စွက်ပြောပါတယ်။
 
ကားအစီး ၂၀ ခန့်နဲ့ ဆင်းလာတဲ့ စစ်ကောင်စီ ယာဉ်တန်းမှာ အင်းအား ၁၀၀ ကျော်ခန့်ရှိပြီး ယာဉ်တွေထဲမှာ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေ သယ်လာတာဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
 
အဲဒီတိုက်ခိုက်မှုမှာ ကရင်နီပူးပေါင်းတပ်တွေက အထိအခိုက်မရှိဘူးလို့ သိရပြီး ထိခိုက်သေဆုံးမှုတွေ များနိုင်တဲ့ စစ်ကောင်စီတပ်ဟာ လွိုင်ကော်အခြေစိုက် တပ်ရင်းတွေ၊ လက်နက်ကြီးတပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ မနက်ပိုင်းကတည်းက ပစ်ခတ်တဲ့အတွက် ဒေသခံ ၂ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက် ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်တပ်ဟာ မိုးဗြဲ- လွိုင်ကော် လမ်မကြီးတလျောက်မှာ အစစ်အဆေးတွေ တင်းကြပ်နေတယ်လို့ သိရပါတယ်။
 
အဲဒီစစ်ယာဉ်တန်းနဲ့ အင်အား ၁၀၀ ကျော် ပါဝင်တဲ့ စစ်ကြောင်းဟာ ခုချိန်မှာ လွိုင်ကော်ရှေ့ဘက်ခြမ်းက မိုက်ကန်းဒေသအနီးမှာ ရပ်တန့်နေပြီး တခြားနေရာတွေလည်း စစ်ကြောင်းတွေ ဖြန့်လာတာတွေ ရှိနိုင်တယ်လို့ ကရင်နီဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြည်ထဲရေးတာဝန်ခံ ခူညေးရယ်က ပြောပါတယ်။
 
ဒီနှစ် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက စစ်ကောင်စီတပ်တွေဟာ ကရင်နီပြည်ထဲက လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖားဆောင်းနဲ့ ရှမ်းပြည်တောင်ပိုင်းက ပင်လောင်း၊ ဖယ်ခုံ စတဲ့ မြို့နယ်တွေမှာ စစ်မျက်နှာတွေဖွင့်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
 
သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP – Myanmar က ကရင်နီပြည်နယ်နဲ့ ရှမ်းတောင်က တိုက်ပွဲတွေမှာ KA၊ KNDF အပါအဝင် တော်လှန်ရေးအင်အားစုတွေက ၄၈ ဖွဲ့ထက်မနည်းက စုဖွဲ့တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က တပ်မ တခုနဲ့ တပ်ရင်း ၁၈ ခုက လက်အောက်ခံ တပ်တွေအပြင် ပြည်သူ့စစ်ကဲ့သို့အဖွဲ့တွေ ပါဝင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ကရင်နီပြည်နဲ့ ရှမ်းတောင်မှာတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့အတွက် စစ်ရှောင်၂ သိန်းကျော်ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပါတယ်။
ဓာတ်ပုံ – KNDF