ရုရှားရဲ့ အစွမ်းအထက်ဆုံး တင့်ကားကို ယူကရိန်းမှာ အမေရိကန်လုပ် Bradley သံချပ်ကာယာဉ်က ချေမှုန်း

ဇန်နဝါရီ ၊ ၂၀

ရုရှားရဲ့ ခေတ်အမီဆုံး၊ နည်းပညာ အမြင့်ဆုံး၊ အစွမ်းအထက်ဆုံး တတိယမျိုးဆက် T-90M တိုက်ပွဲဝင် တင့်ကားတစီးကို အမေရိကန်လုပ် Bradley သံချပ်ကာယာဉ်က ချေမှုန်းခဲ့တဲ့ မှတ်တမ်း ဗီဒီယိုတွေဟာ လူမှုကွန်ရက်တွေမှာ အတော်လေး ပျံ့နှံ့ပြီး လူပြောများနေပါတယ်။

 ရုရှားစစ်တပ်က ဂုဏ်အယူဆုံးဆိုတဲ့ နောက်ဆုံးမျိုးဆက် တင့်ကားတစီးကို ပင်မ တိုက်ပွဲဝင် တင့်ကားအဆင့်တောင် မဟုတ်တဲ့ Bradley တစီးက အမဲဖျက်ခဲ့တာနဲ့ ပတ်သက်ပြီး ယူကရိန်းတွေက လှောင်ပြောင်နေပါတယ်။ ပထမဆုံး Bradleyတွေ အမေရိကန်စစ်တပ်မှာ အမှုထမ်းခဲ့တဲ့ အချိန်က ၁၉၈၁ ခုနှစ်မှာပါ။

 အခုလ အစောပိုင်းတုန်းက ဒွန်းညက်စ်ခ် ဒေသမှာရှိတဲ့ စတက်ပိုဗွိုင် မြို့နားမှာ ဖြစ်ပွားခဲ့တဲ့ စီးချင်းတိုက်ပွဲဟာ ရုရှား ခေတ်မီ တင့်ကားတွေ အတွက်တော့ ခါးသီးတဲ့ အရှိတရား ဆန်းစစ်မှု ဖြစ်ခဲ့တယ်လို့ လက်နက်ရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

 ဒရုန်းကနေ ရိုက်ကူးထားတဲ့ ဗီဒီယို နှစ်ခုမှာတော့ သိပ်မဝေးတဲ့ နေရာက ပစ်ခတ်မှုတွေအတွင်း Bradleyရဲ့ ​M242 ၂၅ မမ အော်တိုမက်တစ် စက်အမြောက်ဟာ ရုရှားတင့်ကားကို တုံ့ပြန်ချိန်တောင်မပေးဘဲ စုတ်ပြတ်သွားအောင် ဆက်တိုက် ပစ်ခတ်နေခဲ့တာကို တွေ့ရပါတယ်။

 T-90Mဟာ ဆက်လက် ရွေ့လျားနေခဲ့ပြီး အမြောက်ပြောင်းကလည်း ဦးတည်ရာမဲ့ လည်နေပြီး သစ်ပင်ငယ် တပင်ကို ဝင်တိုက်မိချိန်မှာ ရပ်တန့်သွားခဲ့ပါတယ်။ ယူကရိန်းရဲ့ ကာမီကာဇီ ဖောက်ခွဲရေး ဒရုန်းတခုက အဲဒီတင့်ကားကို လက်စမသိမ်းခင် ရိုက်ကူးထားတဲ့ ဒုတိယ ဗီဒီယိုထဲမှာတော့ ရုရှား တင့်ကား အဖွဲ့သားတွေ ဒရောသောပါး အသက်လု ထွက်ပြေးသွားတာကိုပါ မြင်ရပါတယ်။

 Bradleyရဲ့ နည်းပညာတွေနဲ့ ပတ်သက်ပြီး အထူးတလည် နားလည်ထားတဲ့ အမည်မဖော်လိုသူ စစ်လက်နက် ပညာရှင် တဦးကတော့ ဗီဒီယိုကို လေ့လာကြည့်မယ်ဆိုရင် အမေရိကန် တိုက်ခိုက်ရေးယာဉ်ရဲ့ လက်နက် စွမ်းရည်ကိုရော၊ မောင်းနှင်သူ အဖွဲ့သားတွေရဲ့ ကျွမ်းကျင်မှုကိုပါ ချီးကျူးရလိမ့်မယ်လို့ ပြောပါတယ်။ Bradleyဟာ မာဂုဏ်ချင်းမှာ T-90Mကို ယှဉ်ဖို့ ခက်ပေမယ့် ပေါ့ပေါ့ပါးပါး စစ်ကစားနိုင်မှုနဲ့ လျင်လျင်မြန်မြန် ဦးတည်ချက် ပြောင်းလဲ မောင်းနှင်နိုင်မှုတွေကို အဓိက အားသာချက်အဖြစ် အသုံးချပြီး ရန်သူ့တင့်ကားကို ဦးချိုးသွားခဲ့တာလို့ သူက ရှင်းပြပါတယ်။

 အထူးသဖြင့် T-90Mဟာ တခြားတင့်ကားတွေလိုပဲ နောက်ဖက်ပိုင်းမှာ သံချပ်ကာ ပိုအားပျော့နိုင်တယ် ဆိုတာကို သဘောပေါက်ပြီး အဲဒီနေရာကို ရအောင် ကွေ့ပတ် တိုက်ခိုက်သွားနိုင်တဲ့ Bradley အဖွဲ့သားတွေကို ချီးကျူးထိုက်ကြောင်း အဲဒီ ပညာရှင်က ဆက်ပြောပါတယ်။

 T-90Mတွေဟာ Bradleyမှာ တပ်ဆင်ထားတဲ့ စက်အမြောက်တွေထက် အများကြီး ပစ်အားပိုပြင်းတဲ့ ၁၂၅ မမ စက်အမြောက်ကို တပ်ဆင်ထားပြီး ရှေ့ပိုင်းကိုယ်ထည် သံချပ်ကာကလည်း Bradleyထက် အများကြီး ပိုခိုင်ခံ့ ထူထပ်ကြောင်း သိရပါတယ်။

 Ref: Drive